လက်ရှိမှာ MLM လုပ်ငန်းများကြောင့် ငွေများ၊ အချိန်များ အများကြီး နစ်နာနေကြခြင်းများရှိသည့်အပြင်၊ ကျန်းမာရေးအရ နစ်နာခြင်းများလည်း အများကြီး ရှိနေသဖြင့် MLM လုပ်ကိုင်ပါ က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်။
ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (Consumer Information and Complaint Center) က အသိပေးကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ သြဂုတ်လ (၃၁)ရက်နေ့ ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) နှင့် စပ်လျဉ်း၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၄၆/၂၀၁၈) ဖြင့် ထုတ်ပြန်လိုက်သဖြင့် တားမြစ်ထားသည့် ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (Consumer Information and Complaint Center) က အသိပေးကြေညာလိုက်ခြင်း ဖြစ်သည်။
" ဒါက သတင်းကောင်းပဲ။ လက်ရှိမှာ MLM လုပ်ငန်းတွေကြောင့် ငွေတွေ၊ အချိန်တွေ အများကြီး နစ်နာနေကြတာ။ ကျန်းမာရေးအရ နစ်နာ တာတွေ လည်း အများကြီး ရှိတယ် ဆိုတော့ ဒီလိုမျိုး တားလိုက်တာ က သတင်းကောင်း ပဲ " ဟု MLM ဆန့်ကျင်ရေး အသိပညာပေးသူတစ်ဦး ဖြစ်သော ကိုဇင်ဇေက ပြောသည်။
သို့သော် ယခု ထုတ်ပြန်ချက်တွင် မည်သည့် လုပ်ငန်းများမှာ MLM လုပ်ငန်း ဖြစ်သည်ဟု အသေးစိတ် ရှင်းလင်းဖော်ပြ မထားသဖြင့် MLM ကုမ္ပဏီများအနေဖြင့် အခြားရောင်းချမှု နည်းလမ်းများ နာမည်ဖြင့် ရှောင်လွှဲသွားနိုင်ကြောင်း ၎င်းကသတိပေး ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) လုပ်ကိုင်နေသည်ဟု ၎င်းကုမ္ပဏီများ ကိုယ်တိုင်ဝန်ခံထားပြီး သက်သေလည်းပြသနိုင်သော ကုမ္ပဏီ (၁၀) ခုခန့်ရှိပြီး Successmore, Aim Star, Tiens, Qnet, Unicity, Zhulian , Double Crane စသော ကုမ္ပဏီကြီးများမှာ ထင်ရှားကြောင်း MLM ဆန့်ကျင်ရေး အသိပညာပေး လှုပ်ရှားသူများထံက သိရသည်။
MLM ကုမ္ပဏီတစ်ခုဖြစ်သည့် Successmore ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်နန်းခမ်းဝါလှကမူ ဝန်ကြီးဌာနသို့ ဆက်သွယ်၍ အတည်ပြုရန် စုံစမ်းဆောင်ရွက်နေဆဲဖြစ်ပြီး ယခုကြေညာချက်ကို အတည်ဟု မမှတ်ယူသေးကြောင်း ပြောသည်။
" ကျွန်မတို့ကတော့ အတည်လို့ မသတ်မှတ်သေးဘူး။ ဝန်ကြီးဌာနကို အတည်ပြုနေတယ်။ ဘာလို့ အတည် မသတ်မှတ်လဲ ဆိုတော့ ဝန်ကြီးဌာနရဲ့ တံဆိပ်လည်း မပါဘူး။ ဝန်ကြီးဌာနရဲ့ Page မှာလည်း အတည်ပြု ကြေညာထားတာ မတွေ့သေးဘူး။ နိုင်ငံပိုင် သတင်းစာ မှာလည်း အတည်ပြု မကြေညာသေးဘူး။ ကျွန်မတို့ စီးပွားရေး လုပ်ငန်းရှင် တွေကိုလည်း ဘာမှ အကြောင်း မကြားသေးဘူး။ အဲဒီတော့ အဲဒီ အပေါ်မှာ အတည်လို့ မသတ်မှတ်သေးဘူး" ဟု ၎င်းက ပြောသည်။
ဒေသတွင်းနိုင်ငံများတွင်လည်း MLM စနစ်နှင့် ပတ်သက်၍ ဥပဒေပြဌာန်း ထိန်းချုပ်လုပ်ဆောင်လျက်ရှိပြီး စင်္ကာပူနိုင်ငံ၌ MLM and Pyramid Selling ဥပဒေ၊ ထိုင်းနိုင်ငံ၌ Direct Selling and Direct Marketing ဥပဒေ၊ ဖိလစ်ပိုင်နိုင်ငံ၌ Consumer Act and Pyramid Sales Scheme ဥပဒေ၊ မလေးရှားနိုင်ငံ၌ Direct Sales and Anti-Pyramid Scheme ဥပဒေ၊ ဗီယက်နမ်နိုင်ငံ၌ Regulations on MLM ဥပဒေ၊ အင်ဒိုနီးရှား နိုင်ငံ၌ MLM License For Foreign Companies in Indonesia ဥပဒေတို့ဖြင့် ပြဌာန်းဆောင်ရွက်နေသည်။
၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် တို့တွင် လေသန့်ဆေးနှင့် ဖြည့်စွက်အစား အစာများ၊ ဆေးဝါးများကို MLM စနစ်ဖြင့် ပြည်ပမှ တင်သွင်းရောင်းချခဲ့သော ပြည်တွင်းကုမ္ပဏီ (၂) ခုနှင့် ပြည်ပကုမ္ပဏီ (၁) ခုကို တရားစွဲဆိုခဲ့ပြီး ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဇ) အရ အမည်ပျက် စာရင်းရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။