သင်္ကြန်ကာလ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်ဖွင့်မည်


11 April, 2019

သင်္ကြန်ကာလမှာ မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်အနေနဲ့ အရောင်းအဝယ်ဖွင့်ပေးထားမှာဖြစ်ပြီး လက်ရှိမှာလည်း သစ်သီးအရောင်းအဝယ်ကောင်းနေတယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင်က သိရပါတယ်။

မူဆယ်သစ်သီးကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက “ဒီမှာက သစ်သီးရှိသမျှကာလပတ်လုံး အရောင်းအဝယ်ပိတ်ခြင်းမရှိပါဘူး၊ သင်္ကြန်တွင်းလဲ မပိတ်ပါဘူး၊ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ၊ ဘာမှ အခက်အခဲမရှိသလောက်ပါပဲ၊ အခုကတော့ ကောင်းတယ် ပြောရမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ မူဆယ်ဈေးကွက်အတွင်း ဝင်ရောက်နေတဲ့ သစ်သီးတွေက ဖရဲ၊ သခွားတွေ အများဆုံးဖြစ်ပြီး စိန်တစ်လုံး သရက်သီးတွေကတော့ ဧပြီလ ၆    ရက်နေ့ကစပြီး ဈေးကွက်အတွင်း စတင် ဝင် ရောက်လာပြီဖြစ်ပါတယ်။

သရက်သီးဈေးက အစပိုင်း ဖြစ်တဲ့အတွက် ပုံမှန်မရှိသေးပေမဲ့ ဖရဲသီးဈေးကတော့ (၈၅၅) အမျိုးအစား ( ၁၆ ) တန်ပါ ကားစီးပြတ်ကို ယွမ် ၂၀,ဝဝဝ ကနေ ၄၀,ဝဝဝ ကြားအထိ ရှိနေပါတယ်။ အညံ့စီးပြတ် ဈေးကတော့ ယွမ် ၁၃,ဝဝဝ ကနေ ၂၀,ဝဝဝ ကြားရှိပါတယ်။ သခွားမွှေးကတော့ ရောင်းတန်းဝင် အရည်အသွေးအမျိုးအစားတွေက တစ်တန်ကို ယွမ် ၃ဝဝဝ ကနေ ၇ဝဝဝ ကြားရှိတယ်လို့ သိရပါတယ်။

မူဆယ်နယ်စပ်ရှိ ခွာညို သစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က “သင်္ကြန်တွင်းက ပုံမှန်တော့ ဈေးကွက်အကောင်းဆုံးပဲ၊ တရုတ်တွေ ပျော်ပျော်ပါးပါးရေလောင်းရင်းနဲ့ လာဝယ်ကြတာ၊ အခုတောင် အရောင်းအဝယ်သွက်တယ်”လို့   ပြောပါတယ်။

လက်ရှိမှာ မူဆယ်ဈေးကွက်အတွင်း တစ်နေ့ကို သစ်သီးကားအစီးရေ (၇ဝဝ) နီးပါး ဝင်ရောက်နေပြီး လက်ရှိအရောင်းအဝယ် အခြေအနေအရဆိုရင်    သင်္ကြန်ကာလမှာလည်း  သည်နှုန်းအတိုင်း ဝင်ရောက်နေမယ့်အခြေအနေ ရှိတယ်လို့လည်း  သစ်သီးကုန်စည်ဒိုင်က သုံးသပ်ထားပါတယ်။

Kumudra

Local News Export, Import Read 837 times