မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ဖြစ်ပျက်နေသော အကြောင်းအရာများ


01 October, 2018

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို နယ်စပ်ကုန်သွယ်မှုလုပ်ငန်း၊ ပယ်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းတို့ဖြင့် ဆောင်ရွက်နေလျှက်ရှိသည်။

ကုန်သွယ်မှု
*******
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအချိုးအရ တနိုင်ငံလုံး၏ ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုမှဖြစ်ပြီး ကျန်သည့် ၂၄ ရာခိုင်နှုန်းကျော်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုရှိသည့် အနက်မှ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အဓိကကုန်သွယ်ရေး စခန်းတခုဖြစ်သည့် မူဆယ်ကုန်သွယ်ရေးစခန်းသည် ပမာဏအကြီးဆုံးဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းစဉ် အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မူဆယ်ကုန်သွယ်ရေးစခန်း
****************

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည့် ကုန်သွယ်မှုစခန်း ၄ ခုရှိပြီး ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ် တို့ရှိသလို ရှမ်းပြည်နယ်တွင် ချင်းရွှေဟော်နှင့် မူဆယ်တို့ ဖြစ်သည်။ ထိုစခန်း ၄ ခုအနက် မူဆယ်ကုန်သွယ်ရေး စခန်းသည် အကြီးဆုံး စခန်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ပမာဏအကြီးဆုံးဖြစ်သည့် မူဆယ်ကုန်သွယ်ရေး စခန်း၏ နှစ်စဉ် ကုန်သွယ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှု အခက်အခဲများနှင့် ပတ်သက်ပြီး မူဆယ် ကုန်သွယ်ရေးဇုန် တာဝန်ခံဖြစ်သူ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို တွေ့ဆုံမေးမြန်ထားပါသည်။

မေးခွန်း ၁

*****

မေး ။ ။ မူဆယ်ကုန်သွယ်ရေးဇုန်က နယ်စပ်ကုန်သွယ်မှုကဏ္ဍမှာ အကြီးမားဆုံး စခန်းတခုဖြစ်တယ်ဆိုတော့ တနှစ်တနှစ်ကို ဘယ်လောက် အတိုင်းအတာအထိ ကုန်သွယ်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါသလဲ။ ဘယ်လိုတွေ ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ မူဆယ်ကုန်သွယ်ရေးဇုန်က နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ ထောင်ကျော်ကို ပုံမှန် ရှာဖွေ ပေးနေတဲ့ ကုန်သွယ်ရေးဇုန် တခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပို့ကုန်၊ သွင်းကုန်အားလုံးပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၈၈၀ ကျော် ရရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၆ လတာ ပြီးဆုံးတဲ့အခါမှာလည်း မနှစ်က ပမာဏထက် မလျော့တဲ့ ကုန်သွယ်မှု လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကုန်သွယ်မှု လုပ်ငန်းဆိုတာက ကြီးမားကျယ်ပြန့်ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာန တခုတည်းအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ တခြားသော ဝန်ကြီးဌာနတွေ၊ ကုန်သည်အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ ပုခုံးထမ်း ကုန်တင်ကုန်ချ အလုပ်သမားတွေ အပါအဝင် အလွှာအသီးသီးက နေပြီးတော့ ပံ့ပိုးကူညီ ဆောင်ရွက် ပေးမှသာလျှင် ထိရောက် အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။

ကုန်သွယ်မှုဆိုတဲ့ သဘောသဘာဝမှာ လိုင်စင် ထုတ်ပေးတာတွေရှိသလို၊ စစ်ဆေး ဆောင်ရွက်တာတွေ၊ ကုန်သွယ်မှု လမ်းကြောင်းတွေ လွယ်ကူချောမွေ့ပြီးတော့ မလိုလားအပ်တဲ့ အပိုကုန်ကျမှုတွေ မရှိရအောင် ရှင်းလင်း ဆောင်ရွက်ပေးရတာတွေ အပြင်၊ တဖက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပေါ်လာတဲ့ အခက်အခဲ ကိစ္စရပ်တွေကို မြေပြင်မှာ အချိန်နဲ့တပြေးညီ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ကျနော်တို့ရဲ့ ကုန်သွယ်ရေး လုပ်ငန်းစဉ်တွေက ကြီးမားကျယ်ပြန့်တဲ့အတွက် အခြားအခြားသော ကူညီပံ့ပိုးမှုတွေ ရရှိမှသာလျှင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်တဲ့ အနေအထား ရှိတာကြောင့် အားလုံး ဝိုင်းဝန်းကြဖို့ လိုပါတယ်။

မေးခွန်း ၂

*****

မေး ။ ။ မူဆယ်ကုန်သွယ်ရေးဇုန် အနေနဲ့ နယ်စပ်ကုန်သွယ်မှု ကဏ္ဍမှာ ဘယ်လို အခက်အခဲတွေရှိပါသလဲ။ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းပေးနေပါသလဲ သိချင်ပါတယ်။

ဖြေ ။ ။ အခက်အခဲတွေကတော့ တော်တော်များများ ရှိပါတယ်။ အဲဒီအထဲကမှ တဖက်နိုင်ငံများနဲ့ ရှင်းလင်း ဆောင်ရွက်ရတဲ့ ကိစ္စရပ်များဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက တရားဝင်ပို့လိုက်တဲ့ ကုန်ပစ္စည်းဟာ သူတို့ဆီမှာ တရားမဝင် လက်ခံတဲ့ ကုန်ပစ္စည်းများ ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်။

ပြီးတော့ သူတို့ဘက်က တရားဝင် သွင်းလာတဲ့ ကုန်ပစ္စည်းတချို့ကလည်း ကျနော်တို့ဘက်မှာ တရားမဝင် ကုန်ပစ္စည်း ဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ဘက်က တရုတ် နိုင်ငံဘက်ကို ဆန်၊ သကြားစတဲ့ ကုန်စည်တွေကို ပမာဏကြီးမားစွာ တရားဝင် တင်ပို့ပါတယ်။ နယ်စပ်ဒေသမှာတော့ တရုတ်နိုင်ငံ ဘက်က အဲဒီကုန်စည်တွေကို သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ တရားမဝင်အနေနဲ့ လက်ခံတဲ့ လုပ်ငန်းစဉ် ဖြစ်နေပါတယ်။

အဲဒီတော့ ဒီလိုကိစ္စမျိုးတွေ၊ အဖမ်းအဆီး ကိစ္စတွေ သူတို့ဘက်မှာ ဖြစ်ပေါ်လာတဲ့ အခါမျိုးမှာ ကျနော်တို့နဲ့ သူတို့ ပြောရဆိုရတဲ့အခါမှာ သူတို့တွေဘက်က တရားဝင် ကုန်သွယ်မှု လုပ်ငန်းမဟုတ်တဲ့ အတွက်ကြောင့် ပြောရဆိုရတာ တော်တော်ခက်တဲ့ အနေအထားရှိတယ်။ ဒါက ကျနော်တို့အနေနဲ့ တဖက်နိုင်ငံနဲ့ ဖြေရှင်း ဆောင်ရွက်ရတဲ့ ဥပမာတခုပဲ ဖြစ်ပါတယ်။

နောက်တခါ သူတို့ဘက်မှာ တရားဝင် လက်ခံထားတယ်၊ ကျနော်တို့က တရားမဝင် သတ်မှတ်ထားတဲ့ သစ်ကို သူတို့ဘက်က လက်ခံထားတယ်။ ကျနော်တို့ဘက်မှာက တရားမဝင်ဘူးပေါ့။ အဲဒါမျိုးတွေကို ကျနော်တို့က သစ်တွေကို လက်မခံပါနဲ့၊ ဝင်လာရင် တားဆီးပေးပါ၊ ဖမ်းဆီးပေးပါလို့ သွားပြောတဲ့အခါမှာ သူတို့ကလည်း သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပါးနပ်စွာနဲ့ပဲ ပြန်လည် ဆွေးနွေးသွားတဲ့ အနေအထား မျိုးလေးတွေ ရှိနေပြန်တယ်။

ကျောက်စိမ်းလည်း ထိုနည်းတူပဲ၊ ကျနော်တို့ ဘက်က တရားမဝင် သွားနေတဲ့ ကုန်စည်တွေက သူတို့ ဘက်မှာကျတော့ တရားဝင်ကုန်စည်အဖြစ် အားလုံးကို လက်ခံပေး နေတာမျိုးတွေရှိတယ်။

အဲဒီတော့ ဘာသွားတွေ့ရသလဲ ဆိုရင် နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ကုန်သွယ်မှုကိစ္စရပ်တွေ ပြောဆိုဆွေးနွေးတဲ့ အခါမှာ သူ့နိုင်ငံ၊ သူ့လူမျိုး အကျိုးစီးပွား ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွားအပေါ်မှာ အခြေခံပြီးတော့သာ ဆွေးနွေးဆုံးဖြတ် သွားကြတာကို တွေ့ရပါတယ်။

ဒါကြောင့် တချို့ကိစ္စရပ်များကို သိမ်သိမ်မွေ့မွေ့နဲ့ဖြေရှင်းဖို့၊ ချက်ချင်းအဖြေမပေါ်တဲ့ လုပ်ငန်းကိစ္စရပ်တွေ ဖြစ်နေတတ်ပါတယ်။ ဒါက အခက်အခဲဆိုတဲ့ အပိုင်းကဏ္ဍမှာ တဖက်နိုင်ငံနဲ့ ဖြေရှင်းဆောင်ရွက်ရတဲ့ နေရာမှာ တွေ့ကြုံ နေရတဲ့ သာမန်ဖြစ်ပေါ်နေကျ အခက်အခဲပါ။

မေးခွန်း ၃

*****

မေး။ ။ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ဖြေရှင်းပေးနေရတာတွေ အပြင် တခြား အခက်အခဲတွေ ရှိရင်လည်း သိပါရစေ။

ဖြေ။ ။ ပြည်တွင်းမှာဆိုရင်လည်း နိုင်ငံတော်အစိုးရ အနေနဲ့ တရားဝင်အခွန်အခ ပေးသွင်းပြီးမှ တင်သွင်းခွင့် ပြုလိုက်တဲ့ ကုန်ပစ္စည်းတွေကို လမ်းခရီးတလျှောက်မှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိရအောင် ဆောင်ရွက် ပေးရပါတယ်။ သက်ဆိုင်ရာ ကုန်သည်တွေကဖြစ်ဖြစ်၊ ယာဉ်မောင်းတွေက ဖြစ်ဖြစ် ဘယ်နေရာ မှာတော့ ဘယ်လိုတွေ ဖြစ်နေပါတယ်လို့ ပြောလာရင် ကျနော်တို့က အဲဒီသတင်း မှန်၊ မမှန် စုံစမ်း အတည်ပြု ပြီးတော့ သက်ဆိုင်တဲ့ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ် ညှိနှိုင်းရတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်အောင်၊ မလိုလားအပ်တဲ့ အဟန့်အတားတွေ မဖြစ်ရအောင်၊ ကုန်သွယ်မှုကို နှောင့်နှေး ကြန့်ကြာစေမှုတွေ မဖြစ်အောင် လိုက်ပြီးတော့ ရှင်းလင်း ဆောင်ရွက်ပေးရပါတယ်။

အဲဒီလို ရှင်းလင်းဆောင်ရွက်တဲ့ အခါမှာလည်း ကျနော်တို့ လက်လှမ်းမီတာတွေ ရှိသလို လက်လှမ်း မမီတာတွေလည်း ရှိပါတယ်။

တခြား အခက်အခဲတခုက လမ်းကြောင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး လမ်းကြောင်းတွေ ပိတ်တတ်တာမျိုးပေါ့။ လမ်းကြောင်း ပေါ်မှာ ကားပိတ်လို့ နေ့တပိုင်းပဲကြာရင်တောင် မူဆယ်ကို ကုန်ကား အဝင်နှေးသွားတယ်။ အဲဒီလို ဖြစ်ပြီဆိုရင် နောက်တနေ့မှာ ကုန်သွယ်မှုပမာဏက သိသိသာသာ ပြုတ်ကျသွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ လမ်းကြောင်းမှာ ထစ်သွားတဲ့အတွက် ပို့ကုန်ပစ္စည်းတွေ အဝင် နောက်ကျတာကြောင့်ပါ။ အဲဒီလို လမ်းကြောင်းမှာ ဖြစ်တဲ့ကိစ္စရပ် တွေကို သိရှိရအောင် လမ်းကြောင်း တလျှောက်မှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ၊ တိုးဂိတ်တွေကို သတင်း ထောက်လှမ်းရတယ်။ အဲဒီမှာ တခုခုဖြစ်နေပြီ ဆိုတာနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသအာဏာပိုင် အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့မှ အမြန်ဆုံးရှင်းလင်း နိုင်အောင် ဆောင်ရွက် ပေးရတယ်။ လိုအပ်တာတွေကို အဲဒီလိုနည်းလမ်းနဲ့ ဆက်စပ် ဆောင်ရွက် ဖြေရှင်းပေးပါတယ်။

လမ်းကြောင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး လမ်းကြောင်းတွေ ပိတ်တတ်တာ မျိုးကလည်း ကုန်သွယ်မှု လုပ်ငန်းစဉ်တွေထဲမှာ တစိတ်တပိုင်း အကျုံးဝင်နေသလို၊ သွယ်ဝိုက်သော နည်းလမ်းနဲ့ အကျုံးဝင်နေတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

ကုန်သွယ်မှု မြင့်တက်လာဖို့ဆိုရင် ဒါတွေကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။ တနေရာမှာ ကားပိတ်တာကို ကျနော်တို့နဲ့ မဆိုင်ဘူးလို့ နေလိုက်ရင် နောက်တရက်မှာ ကုန်သွယ်မှု ပြုတ်ကျသွားပါတယ်။ ပိုဆိုးတာက အချိန်အကန့်အသတ် ရှိတဲ့ ကုန်စည်မျိုးဆိုရင် ကျနော်တို့အတွက်တင် မဟုတ်ဘဲ၊ ကုန်သည်၊ ယာဉ်မောင်း အားလုံးကို ထိခိုက်နစ်နာစေတာပါ။

နောက် ကုန်သွယ်မှု ပြုတ်ကျစေတဲ့ အခြားအခြားသော သက်ရောက်မှုတွေလည်း အများကြီးရှိပါတယ်။ အမေရိကန် ဒေါ်လာဈေး မတည်ငြိမ်တာ၊ တရုတ်ငွေဈေး အတက်ကြမ်း၊ အကျကြမ်းတယ်ဆိုရင် ကုန်သည်တွေ မလုပ်ရဲတော့ဘူး။ အဲဒီအခါမျိုး ဆိုရင်လည်း ကုန်သွယ်မှုက ငြိမ်သွားတယ်။ စောင့်ကြည့်ရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီတော့ ငွေဈေးတွေရဲ့ သက်ရောက်မှုကလည်း ကုန်သွယ်မှုအပေါ်မှာ အနည်းနဲ့အများ ရိုက်ခတ်မှု ရှိနေတာပေါ့။

ဒါကြောင့် ပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေ၊ ပြည်ပမှာဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေအားလုံးကို အချိန်နဲ့ တပြေးညီ ရှင်းလင်း ဆောင်ရွက်ဖို့အတွက် အနီးစပ်ဆုံး ကုန်သွယ်ရေးစခန်း တာဝန်ခံတွေက တာဝန်ယူပြီးတော့ လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းခြင်းကို လုပ်ပေးရပါတယ်။

မေးခွန်း ၄

******

မေး။ ။ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေတဲ့ မူဆယ်-လာရှိုး-မန္တလေး လမ်းမကြီးပေါ်မှာ အခုနောက်ပိုင်းဆိုရင် မကြာခဏဆိုသလို လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပစ်ခတ်မှုတွေ ရှိနေတာက နယ်စပ်ကုန်သွယ်မှု ကဏ္ဍကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါသလဲဆိုတာ သိပါရစေ။

ဖြေ။ ။ မူဆယ်ကုန်သွယ်ရေး လမ်းမကြီးတလျှောက်လုံးရဲ့ လုံခြုံရေးပိုင်းက အမြဲတမ်း စိတ်ချရတဲ့ အနေအထားမှာ မရှိပါဘူး။ လက်နက်ကိုင် အဖွဲ့အစည်း မြောက်မြားစွာက လမ်းကြောင်းပေါ်မှာ သွားလာလှုပ်ရှား နေထိုင် လုပ်ကိုင်နေကြတဲ့အတွက် တချို့လုပ်ငန်း ကိစ္စရပ်တွေဟာ ကျနော်တို့ လက်လှမ်းမမီတဲ့ ကိစ္စရပ်ဖြစ်နေပါတယ်။

အဲဒါကို တပ်မတော်ရဲ့ အကူအညီ၊ ဒေသခံ ပြည်သူ့စစ်တွေရဲ့ အကူအညီ၊ တခြားသော အဖွဲ့အစည်း အသီသီးရဲ့ အကူအညီတွေနဲ့ ရှင်းလင်း ဆောင်ရွက်နိုင်သလောက် ရှင်းလင်းဆောင်ရွက် ပေးရပါတယ်။

နောက်ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေအနေနဲ့ တရားဝင် ကုန်သွယ်မှုလုပ်ငန်းတွေ ရှိသလို၊ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းတွေကလည်း ကျနော်တို့နိုင်ငံမှာ အမြစ်တွယ်နေတာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော် အပါအဝင် အဖွဲ့အစည်း အသီသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကလည်း အထူးလိုအပ်ပါတယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့ နေရာတွေမှာ ဒီလိုအကူအညီတွေ ရယူပြီးမှသာလျှင် တရားဝင် ကုန်သွယ်မှုလုပ်ငန်းကို ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အနေအထားက ဝန်ကြီးဌာနတွေနဲ့အတူ တပ်မတော်အပါအဝင် ကုန်သည် အသင်းအဖွဲ့တွေရဲ့ အလွှာအသီးသီးကနေ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေး နိုင်မှသာလျှင် ကုန်သွယ်မှုဟာ နိုင်ငံတော်အတွက် ပိုပြီးတော့ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ မိတ်ဖက် ဌာနများနဲ့ အတူ လိုအပ်တဲ့ ရှင်းလင်းဆောင်ရွက်မှုများ၊ ပေါင်းစပ်ညှိနှိုင်းမှုများ အပြင် အချိန်နဲ့တပြေးညီ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းပေးနေပါတယ်။

မေးခွန်း ၅

******

မေး။ ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍရဲ့ အဓိက အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ၊ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဘယ်လိုအရာတွေက ကွာခြားမှုရှိနေပါသလဲ၊ အဲဒါလေးတွေကို ပြောပြပေးပါ။

ဖြေ။ ။ တခြားနိုင်ငံတွေနဲ့ ကျနော်တို့နိုင်ငံ ယှဉ်လိုက်မယ်ဆိုရင် Infrastructure အလွန်အားနည်းပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေရဲ့ တိုးဂိတ်တွေမှာ လူနဲ့ ပိုက်ဆံကောက်တဲ့စနစ်ဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ ကတ်စနစ်တွေ၊ ကွန်ပျူတာစနစ်တွေနဲ့ သွားနေပြီးတော့ တိုးဂိတ်လို ငွေကြေးကောက်ခံတဲ့ နေရာမျိုးကို အချိန်တိုအတွင်းမှာ ရှင်းလင်း ဆောင်ရွက်ပေးတဲ့စနစ်ကို သုံးလာကြပြီ။ ကျန်တဲ့ လုံခြုံရေးပိုင်းတွေ Inspection လုပ်ငန်းတွေ ဆိုရင် ပိုပြီးအဆင့်မြင့်တာပေါ့။

ကျနော်တို့ဆီမှာက အခုအချိန်အထိ တိုးဂိတ်တွေမှာ လူတွေကတန်းစီပြီး ပိုက်ဆံကောက်တာကြောင့် ကားတွေက ပိတ်ဆို့နေတယ်၊ အဲဒီမှာ မလိုလားအပ်ဘဲ အချိန်ကြန့်ကြာတာမျိုးတွေလည်း ရှိနေတော့ ကုန်စည် စီးဆင်းမှုအတွက် အဟန့်အတား ဖြစ်စေတာပေါ့။ နိုင်ငံခြားမှာက အဲဒီလိုတိုးဂိတ်တွေမှာ သတ်မှတ်ချက်နဲ့ ညီရင်သွား၊ မညီဘူးဆိုရင် အော်တိုရပ်ပဲ။ အဲဒီလို အချိန်မျိုးမှာ ဂိတ်က တာဝန်ရှိသူက ထွက်လာပြီးတော့ ဖြစ်တဲ့ကားကို ဘေးဆွဲချပြီး ကျန်တဲ့ကားတွေ ဆက်သွားဆိုတော့ အချိန်ကုန်ကြန့်ကြာမှု အလွန်နည်းပါးတာကို တွေ့ရတယ်။

ဒီစနစ်ကို အိမ်နီးချင်းနိုင်ငံ တော်တော်များများမှာ အသုံးပြုနေကြပါပြီ။ ကျနော်တို့နိုင်ငံက Infrastructure တွေ အားနည်း နေတာကြောင့်လည်း ကုန်သွယ်မှုအပိုင်းကို ထိခိုက်စေတာမျိုး ရှိနေတယ်။

အခု မူဆယ် ၁၀၅ မိုင်မှာ X-ray စက် ၂ လုံးတည်းရှိတယ်။ အကောက်ခွန်ဦးစီးဌာနက ကိုင်တွယ်ပြီး အသုံးပြု နေပါတယ်။ စက်တလုံးက Capacity အရ ကားအစီး ၃၀၀ လောက်ဖြတ်ပြီးရင် ပူလာတာကြောင့် ရပ်ရတယ်။ နောက် စက်တလုံးကတော့ အစီး ၅၀၀ လောက်ရတယ်။ အကြီးဆုံး ကုန်သွယ်ရေးစခန်းဆိုတဲ့ မူဆယ်ဇုန်မှာတောင် X-ray စက် ၂ လုံးတည်းရှိတယ်။ ကျန်တဲ့ခေတ်မီ Inspection ကိရိယာဆိုတာ တော်တော်လေး အလှမ်းဝေးပါသေးတယ်။

X-ray ထက် အဆင့်မြင့်တဲ့ကိရိယာတွေကို သူများနိုင်ငံတွေမှာ အသုံးပြုနေကြပြီ။ လက်ရှိ မူဆယ်ဇုန်အနေနဲ့ X-ray စက် လိုအပ်မှု ရှိပါသေးတယ်။ လိုအပ်တယ်ဆိုတာမှာ လက်ရှိသုံးနေတဲ့ စက်တွေထက် ပိုကောင်းတဲ့ စက်တွေ လိုအပ်တာပေါ့။

လက်ရှိ X-ray စက်ကို အသေးစိတ် ကိုင်တွယ်နေတာက အကောက်ခွန်ဦးစီးဌာနက ဖြစ်ပါတယ်။ လက်ရှိ အကောက်ခွန် ဦးစီးဌာနက ကုန်ပစ္စည်းတွေကို စစ်ဆေးနေတဲ့စနစ်က Spot Check စနစ်ပေါ့။ ကားအားလုံးကို အပြည့်အဝတော့ မစစ်နိုင်ပါဘူး။ ကွင်းထဲမှာ ဝင်လာတဲ့ကုန်ကားတွေရဲ့ လိုင်စင် ID ကို ကြည့်ပြီးတော့မှ သံသယရှိတဲ့ ကား ၂ စီး၊ ၃ စီးလောက်ကို ဆွဲထုတ်ပြီး အသေးစိတ်စစ်တယ်။ နောက် ဘိလပ်မြေလို တမျိုးတည်း တင်လာတဲ့ ကုန်ပစ္စည်းကားမျိုးဆိုရင် X-ray စက်ဘက်ကို ပို့ချလိုက်တယ်။ ဝင်လာသမျှ ကားတွေအားလုံး ကိုတော့ X-ray စက်နဲ့ မစစ်နိုင်သေးပါဘူး။

လက်ရှိမှာက ကားတစီးဆိုရင် ကုန်ပစ္စည်းက အနည်းဆုံး ၁၀ မျိုးလောက် ပေါ်နေတာဆိုတော့ X-ray စက်နဲ့ ဖြတ်ပြီး စစ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အဆင့်မြင့်ပါတယ်ဆိုတဲ့ X-ray စက်တောင် ကားတစီးထဲက ကုန်ပစ္စည်း ၆ မျိုးလောက်ကိုပဲ ပုံရိပ်ဖော်ပေးနိုင်တယ်။ အဓိက ပြောချင်တာကတော့ စနစ်ပါပဲ၊ စနစ်တခုကို ကောင်းအောင်လုပ်ဖို့ အလွန်အရေးကြီးတာပေါ့။

X-ray စက်ရဲ့ အားသာချက်ကတော့ ပစ္စည်းတမျိုးတည်းပါလာတဲ့ ကားတွေကို စစ်မယ်ဆိုရင် အလွန်လွယ်ကူပါတယ်။ နယ်စပ်ကုန်သွယ်မှု ကဏ္ဍမှာတော့ ကားတစီးမှာဆိုရင် ပစ္စည်းအမယ်က ၆၀ လောက်ပါတယ်။ ကုန်ပစ္စည်းမျိုးစုံပေါ့။ ဒါကလည်း ကျနော်တို့နိုင်ငံက ကုန်သည်တွေရဲ့ အကျင့်တခုလို ဖြစ်နေပြီ။ သူများနိုင်ငံတွေမှာ ဆိုရင် ကားတစီးမှာ ပစ္စည်းတမျိုးတည်း တင်ရမယ်လို့ အမိန့် ထုတ်ပြန်ပြီးရင် အဲဒီအတိုင်း လိုက်နာကြရတယ်။ အဲဒီလို လိုက်နာ ကြတဲ့အတွက် ကုန်ကားတွေ အစီးတထောင် လာလည်း X-ray မှာ အကုန်ဖြတ်လိုက်တာ၊ ၂ နာရီလောက်အတွင်း အကုန်ပြီးတယ်။ အချိန် မကုန်တော့ဘူးပေါ့။

အဲဒါဘာလဲဆိုတော့ စနစ်ပါပဲ၊ ကျနော်တို့ဆီမှာက ကုန်သည်တွေက လိုက်နာနိုင်စွမ်း အလွန်နည်းတာကို တွေ့ရတယ်။

ကျနော်တို့ဆီမှာ အရင် ၂၀၁၀ မတိုင်ခင်က ကားတစီးမှာ ပစ္စည်း ၃ မျိုးထက် ပိုမတင်ရဆိုပြီး လုပ်ခဲ့ဖူးတယ်။ ကုန်စည်တွေကို Box Car တွေနဲ့ ချိတ်ပိတ်ပြီးသွားဖို့ ကြိုးစားကြည့်ခဲ့ကြ သေးတယ်။ ကျနော်တို့ လုပ်လို့ မရခဲ့ဘူး။ အဲဒီအချိန်ကသာ တင်းတင်းကြပ်ကြပ် လုပ်ခဲ့မယ်ဆိုရင် အောင်မြင်တဲ့စနစ်တခု ဖြစ်မှာပေါ့နော်။ ဒါပေမယ့် အဲဒီအချိန်က သက်ဆိုင်ရာ လူကြီးတွေက လုပ်ခွင့်မပြုခဲ့ကြတော့ မအောင်မြင်ရတဲ့ သဘောပါပဲ။

စနစ်တခု အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အတွက် သူများနိုင်ငံတွေမှာ တရားမဝင် ကုန်သွယ်မှုတွေ အလွန်နည်းပါးတာကို တွေ့ရတယ်။ အဲဒီလို တရားမဝင် ကုန်သွယ်မှုအတွက် အရေးယူတဲ့ ဥပဒေတွေကလည်း ထိရောက်တယ်။ နောင်ကျဉ်ပြီးတော့ မှတ်လောက် သားလောက်အောင် လုပ်တဲ့အတွက် ဘယ်သူမှ မလုပ်ရဲကြတော့ဘူးပေါ့။ ဒါကြောင့် ကျနော်တို့ဆီမှာက Equipment တွေလည်း လိုပါတယ်၊ စနစ်တွေလည်း လိုပါလိမ့်ဦးမယ်။ ဘာစနစ်တွေ လိုမလဲဆိုရင် အရမ်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ အောင်မြင်နေတဲ့ နိုင်ငံတွေက ကျင့်သုံးနေတဲ့ စနစ်တွေကို ကြည့်ပြီး ကောင်းတာတွေကို Copy ဆွဲလိုက်ရုံပါပဲ။

နိုင်ငံတနိုင်ငံ ချမ်းသာဖို့ဆိုတာ ကုန်သွယ်မှုလုပ်ငန်းကလည်း အဓိကကျပါတယ်၊ ကုန်သွယ်မှုအပေါ်မှာ တည်မှီနေတယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ချမ်းသာတဲ့နိုင်ငံတွေကို လိုက်ကြည့်လိုက်ရင် ကုန်သွယ်မှု ပမာဏကြီးတွေ တော်တော်ကြီးမားပြီးတော့ တရားဝင် ကုန်သွယ်မှုလုပ်ငန်းတွေများတဲ့ နိုင်ငံဖြစ်နေတတ် ပါတယ်။

အဲဒီတော့ ကုန်သွယ်မှုလုပ်ငန်းစဉ်သည် နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်း မှန်ကန်ဖို့လည်း လိုပါတယ်။ ကုန်သွယ်မှုမှာ မြန်ဆန်မှုလိုအပ်သလို၊ မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ မြန်ဆန်ပြီး မှန်ကန်ဖို့အတွက်က ခေတ်မီနည်းပညာတွေကို အသုံးပြုရပါမယ်။ ဥပမာ ပြောရမယ်ဆိုရင် တိုးဂိတ်လိုဟာမျိုး အတွက် ဆော့ဝဲလ်တခု ရေးရုံပါပဲ။ အဲဒီ ဆော့ဝဲလ်နဲ့ပဲ သူတို့ လုပ်နေကြတာပါ။

အဲဒီတော့ ကျနော်တို့ရဲ့ ကုန်သွယ်မှု လုပ်ငန်းတွေမှာ X-ray စက်ကဲ့သို့သော မြင်ရတဲ့ Infrastructure တွေအပြင်၊ တခြားသော ခေတ်မီနည်းစနစ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်မှသာလျှင် မှန်ကန်မှုနဲ့ မြန်ဆန်မှုကို တပြိုင်တည်း ရရှိလာမှာဖြစ်ပါတယ်။

မှန်ကန်မှုနဲ့ မြန်ဆန်မှုရမှ နိုင်ငံတော် ရသင့်ရထိုက်တဲ့ အခွန်အခရပါမယ်။ နိုင်ငံတော် ချမ်းသာပါမယ်။ နိုင်ငံတော်ချမ်းသာမှ နိုင်ငံရဲ့ Infrastructure လို့ခေါ်တဲ့ အခြေခံအဆောက်အအုံတွေ ကောင်းမွန်အောင် တည်ဆောက်ပေး နိုင်မှာပါ။ ကုန်သွယ်မှု ကဏ္ဍအပြင် အခြားအခြားသော ကဏ္ဍတွေအတွက်လည်း ခေတ်မီတဲ့ Equipment တွေ တပ်ဆင်ပေးလာနိုင်မှာ ဖြစ်သလို၊ ပိုလျှံလာတဲ့ ငွေကြေးတွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း အားလုံး ဖြန့်ကျက် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကုန်သွယ်မှုလုပ်ငန်းစဉ်တွေ ကောင်းမွန်အောင်လုပ်နိုင်ဖို့ဆိုရင် တခြားနိုင်ငံတွေရဲ့ ကျင့်သုံးနေဆဲ လုပ်ထားပြီးသား ကောင်းတဲ့အချက်တွေကို ယူပြီးတော့ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတာတွေကို ရွေးချယ်ပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

 irrawaddy

Export, Import Read 638 times