မူဆယ်မှာ ဆန်အိတ်ရေ ၁၀ သိန်းကျော် ပိတ်မိနေ


22 March, 2019

တရုတ်အစိုးရက မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်ဆင့် တရုတ်ကို တရားမဝင်ဆန်တင်ပို့တာတွေကို ဖမ်းနေတာကြောင့် မူဆယ်မှာ ဆန်အိတ်ရေ ၁၀ သိန်းကျော် ပိတ်မိနေပါတယ်။

ဒီလို ဆန်တင်ပို့မှုလမ်းကြောင်း ရပ်နားထားရတာကြောင့် စပါးဈေး သိသိသာသာကျဆင်းနေတဲ့အတွက် အခုနှစ် နွေစပါးမပေါ်ခင်အချိန်အတွင်း တရားဝင်တင်ပို့နိုင်ရေး အစိုးရချင်းညှိနှိုင်းပေးဖို့ အမြန်ဆုံးလိုအပ်နေပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံမှ ဆန်လုံးရှည်အမျိုးအစား ၇၀ ရာခိုင်နှုန်းခန့်ကို မူဆယ်နယ်စပ်စခန်းမှ တရုတ်ကို  အဓိကတင်ပို့နေရာ တရုတ်အစိုးရရဲ့ အခုလို ပိတ်ပင်ထားခြင်းအပြင် ဥရောပဘက်ကလည်း အခွန်တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်တဲ့အတွက် တောင်သူတွေအတွက် အထိနာစေနိုင်ပါတယ်။

ဒါ့ပြင် တရုတ်ကို ဆန်တင်ပို့တာ ရပ်နားထားရတဲ့အတွက် ပြည်တွင်းစပါးဈေးနှုန်းကျဆင်းနေပြီး အရင်နှစ်နဲ့နှိုင်းယှဉ်ပါက စပါးတင်း ( ၁၀၀ ) ကို ကျပ် ( ၁ ) သိန်းခန့်ကျဆင်းနေပါတယ်။ အရင်နှစ်က စပါးတင်း ( ၁၀၀ ) ကို ကျပ် ( ၆ ) သိန်းကျော် ပေါက်ဈေးရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ တင်း ( ၁၀၀ ) ကို ကျပ် ( ၅ ) သိန်းဝန်းကျင် ကျဆင်းခဲ့ပါတယ်။

ဥရောပကော်မရှင်ကလည်း မြန်မာနိုင်ငံက တင်သွင်းတဲ့ ဆန်လုံးရှည်တစ်တန်ကို ၂၀၁၉ ခုနှစ်မှာ ( ၁၇၅ ) ယူရို သွင်းကုန်ခွန်ကောက်ခံပြီး ၂၀၂၀ မှာ ( ၁၅၀ ) ယူရို၊ ၂၀၂၁ မှာ ( ၁၂၅ ) ယူရို ပြန်လည်ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ တည်ငြိမ်တဲ့ ဈေးကွက်တစ်ခုဖော်ဆောင်ပေးသင့်ပါတယ်။ ဒီလုပ်ငန်းက တစ်ကျပ်ရင်းရင် တစ်ကျပ်မမြတ်ဘူး။ အခုတိုင်းဆို ဒီနှစ်တောင်သူတွေ မပျော်နိုင်တော့ဘူးလို့ မတ္တရာမြို့နယ်မှ တောင်သူ ဦးမြင့်လွင်က ပြောပါတယ်။

The Voice

Local News Read 3165 times