နှစ်ဖက်တာဝန်ယူမှုများမရှင်း၍ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ကြန့်ကြာ


30 November, 2018

အီတာလျံထိုင်းကုမ္ပဏီ နှင့် မြန်မာအစိုးရအကြား သဘောတူညီမှုတွင် နှစ်ဖက်လုပ်ဆောင်ရမည့် တာဝန်များမရှင်းသည့်အတွက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ကြန့်ကြာနေရကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး ဦးအောင်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။မြန်မာအစိုးရအနေဖြင့် လုပ်ငန်းတာဝန်များ မိမိတို့ဘက်က ပြီးစီးအောင်လုပ်၍ ကုမ္ပဏီ နှင့် နှစ်ဖက်တာဝန်ယူမှုများ မပြီးပြတ်သေးသော ယခုအခြေအနေတွင် စီးပွားရေးအရ အငြင်းပွားမှုများ ရှိလာနိုင်ပြီး စာချုပ်ဖျက်၍လည်းမရကြောင်း ၎င်းက ပြောသည်။ စာချုပ်အရကုမ္ပဏီဘက်က ဆန္ဒအလျောက်ထွက်မှသာ အခြားကုမ္ပဏီက ယင်းနေရာတွင် ဝင်၍ရမည်ဖြစ်သည်။

ကုမ္ပဏီက စီမံကိန်းအကောင်အထည်ဖော်မှု အားနည်းသည့်အတွက် အခြားကုမ္ပဏီတစ်ခုကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြီးခဲ့တဲ့ရက်သတ္တပတ်က မီဒီယာများကို ပြောသည်။ယင်းနှင့်ပတ်သက်၍ ဦးအောင်စိုးက ''စာချုပ်သဘောအရ လက်ရှိစာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက သူဆက်မလုပ်ရင် သူရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်လျော်ပေးရမယ်။ ဒါပေမဲ့ နောက်ကုမ္ပဏီလုပ်မယ်ဆိုတဲ့ဟာ အတိအကျ မရှိသေးပါဘူး''ဟု ဖြေကြားခဲ့သည်။လက်ရှိ အီတာလျံထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမေးမြန်းမှုများ ရှိသော်လည်း တိကျမှုမရှိသေးကြောင်း အတွင်းရေးမှူးက ပြောသည်။

 ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၂ဝဝ၈ ခုနှစ်တွင်စတင်ခဲ့ပြီး ထိုင်းကုမ္ပဏီ အီတာလျံထိုင်း ITD က ၇၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ Max Myanmar ကုမ္ပဏီက ၂၅ ရာခိုင်နှုန်းဖြင့် လုပ်ဆောင်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် Max Myanmar ကုမ္ပဏီက နုတ်ထွက်သွားပြီး ITD ကုမ္ပဏီတစ်ခုတည်းသာ ရင်းနှီးတည်ထောင်သူအဖြစ်ရှိခဲ့သည်။ထို့နောက် စီမံကိန်းအကောင်အထည်ဖော်မှု ကြန့်ကြာနေခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် Dawei SEZ Development ကုမ္ပဏီကို စီမံကိန်း အထူးအကောင် အထည်ဖော်ရေးအဖွဲ့အစည်း Special Purpose Vehicle အဖြစ် မြန်မာအစိုးရက ၅ဝ ရာခိုင်နှုန်း ထိုင်းအစိုးရက ၅ဝ ရာခိုင်နှုန်းဖြင့် ပူးပေါင်းခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ဂျပန်က စီမံကိန်းတွင် ပါဝင်လာကြောင်း မြန်မာ-ဂျပန်-ထိုင်းနိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်အနေဖြင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး အောက်ခြေအဆင့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်နေပြီး စီမံကိန်းကြီးတွင်လည်း ပါဝင်လာနိုင်ကာ မည်သို့ပါဝင်လာမည်၊ ရာခိုင်နှုန်းမည်မျှ ပါဝင်လာမည်ကို ယခုချိန်တွင် ဆွေးနွေးနေဆဲဖြစ်ရာ ပြော၍မရသေးကြောင်း ဦးအောင်စိုးက ပြောသည်။ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် စီမံကိန်းအဆင့် နှစ်ဆင့်ရှိပြီး ကနဦးအဆင့်တွင် စီမံကိန်း ကိုးခုရှိပြီး စာချုပ်ရှစ်ခုကို အီတာလျံထိုင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည်။လက်ရှိတွင် စီမံကိန်း အပြည့်အဝဖော်ဆောင်မည့် အဆင့်သို့ မရောက်သေးဘဲ ကနဦးစီမံကိန်းအသေးကိုသာ စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။''ထားဝယ်စီမံကိန်းက တစ်ဆင့်ပြီးတစ်ဆင့်တော့ သွားနေတယ်။ ချေးငွေရဖို့ မြန်မာဘက်က သဘောတူထားပြီ။ ထိုင်းဘက်ကိုလည်း ပြောပြီးပြီ''ဟု ဦးအောင်စိုးက ပြောသည်။ကနဦးအဆင့်တွင် လမ်းစီမံကိန်းရှိပြီး ကျန်စီမံကိန်း ရှစ်ခုအနက် လမ်းပြီးစီးပါက ဆိပ်ကမ်း၊ လျှပ်စစ်မီးရရှိရေး၊ အသေးစား စက်မှုဇုန်များ အကောင်အထည်ဖော်ရဦးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

 

Local News Read 559 times