ယခင်နှစ်လောက် အမြတ်အစွန်းမရတော့တဲ့ မြန်မာ့သရက်သီးဈေးကွက်


20 July, 2018

ယခင်နှစ်များက ဈေးကွက်ကောင်းခဲ့သည့် မြန်မာ့သရက်တင်ပို့မှုလုပ်ငန်းသည် ယခုနှစ်တွင် ဈေးကွက်ပျက်လာကြောင်း သရက်သီး ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံက အဓိကဝယ်ကုန်ဖြစ်သည့် စိန်တစ်လုံးသရက်သီးသည် ပထမဆုံးဈေးနှုန်းသတ်မှတ်ချိန်တွင် တစ်ဖာလျှင် ယွမ် ၁၄ဝ (ကျပ် ၃ဝ,ဝဝဝ ခန့်) ရခဲ့ပြီး နောက်ရက်တွင် ယွမ် ၈ဝ (ကျပ် ၁၇,ဝဝဝ ခန့်) အထိ ဈေးကျကာ ဈေးကွက်အခြေအနေ ပျက်ပြားခဲ့ပြီး သရက်ကုန်သည်တို့ အမြတ်အစွန်းမရခဲ့ကြဟု သိရပါသည်။

သရက်သီးရာသီချိန်အတွင်း အသီးကောင်းမရရှိခြင်း၊ အဓိကတင်ပို့ရာ တရုတ်နိုင်ငံတွင်စိန်တစ်လုံး သရက်သီး စတင်ထွက်ရှိလာခြင်းတို့သည် ယခုနှစ် ဈေးကွက်ပျက်ရခြင်းတွင် အချက်တစ်ချက်အဖြစ် ပါဝင်သည်။

နောက်နှစ် သရက်ရာသီတွင် ပြည်တွင်းဈေးကွက်ဖြုန်းအားရှိသလောက်သာ သရက်ခြံကန်ထရိုက်ယူမည်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

ယခုနှစ် သရက်သီးရာသီချိန်ကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မည့် သရက်သီးများကိုယခုလ ၁၅ ရက်နှင့် ၂ဝ ရက်မတိုင်မီ တင်ပို့ခြင်းမပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်များက ယခုနှစ်တွင် ပထမဆုံး အကြိမ် ရက်ကန့်သတ်ခဲ့သည်။

တင်ပို့ရက် ကန့်သတ်ခဲ့ခြင်းကြောင့် ယခုလ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ရင်ကွဲသရက်သီးတစ်ဖာလျှင် ကျပ် ၃ဝ,ဝဝဝ ဈေးရရှိခဲ့သော်လည်း တရုတ်ဈေးကွက်သို့ တင်ပို့သောစိန်တစ်လုံးသရက်သီးများကို အစောပိုင်းရက်များတွင် ဈေးနှုန်းသတ်မှတ်နိုင်ခြင်းမရှိခဲ့ဟု သိရပါသည်။

လက်ရှိ သရက်ရာသီ ကုန်ခါနီးအချိန် မူဆယ်ဈေးကွက်တွင် မန္တလေးရင်ကွဲ အိတ်စွပ်တစ်ဖာလျှင် ယွမ် ၃ဝ နှင့် ၄၅ ယွမ် (ကျပ်၆,၃ဝဝ ကျော်မှ ၉,၅ဝဝ ခန့်)ကြား၊ စိန်တစ်လုံးမှာ ယွမ် ၄ဝ နှင့် ၈ဝ (ကျပ် ၈,၅ဝဝ ခန့််မှ ၁၆,၇ဝဝ ခန့်)ကြား ဈေးကွက်ရသည်။

''တရုတ်ကလည်း သရက်သီးတွေ စထွက်နေပြီ။ မြန်မာ့သရက်သီးသမားတွေအနေနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ သွင်းအားစုကုန်ကျစရိတ် စတဲ့စိန်ခေါ်မှုတွေက အများကြီးပါပဲ။ မြန်မာ့သရက်အနေနဲ့ ဈေးကွက်ကိုလက်လွှတ်ရတဲ့အနေအထား မဖြစ်ရအောင်နည်းလမ်းရှာဖို့ လိုအပ်နေပါပြီ''ဟု မူဆယ်သစ်သီးပွဲရုံက ကုန်သည်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက နေပြည်တော်တွင်ကျင်းပခဲ့သော သရက်သီးပို့ကုန် ဆွေးနွေးပွဲ၌ နိုင်ငံပို့ကုန် မဟာဗျူဟာတွင် သရက်ကို ဦးစားပေးသစ်သီးအဖြစ် ထည့်သွင်းခဲ့ပါသည်။

''ကျွန်တော်တို့ တရုတ်ပြည်ကို သရက်မျိုးစုံပို့နေတယ်။ ဒါပေမဲ့ စိန်တစ်လုံးထွက်အားဘယ်လောက်၊ ရင်ကွဲထွက်အား ဘယ်လောက်စတဲ့ ဒေတာအတိအကျရမှသာ သရက်သီးကိုနိုင်ငံတော်ပို့ကုန်ထဲ ထည့်သွင်း ဆောင်ရွက်နိုင်မှာပါ''ဟု မြန်မာသရက်ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူးဦးကျော်စိုးနိုင်က ပြောသည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်စာရင်းများအရ ၂ဝ၁၁ ခုနှစ်မှ ယမန်နှစ်ထိ တရုတ်သို့ စိန်တလုံးအပါအဝင် သရက်သီးမျိုးစုံ နှစ်စဉ် ပျမ်းမျှတန်ချိန် ၁၉ သိန်းဝန်းကျင် တင်ပို့လျက်ရှိပြီး စင်ကာပူသို့ နှစ်စဉ် တန်ချိန် ၁ဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရပါသည်။

Myanmar Times

Agriculture & Livestock Local News Read 506 times