၂ဝ၁၄ ခုနှစ်မှ ယခုနှစ်ဧပြီအထိ စည်းကမ်းဖောက်သည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်အေဂျင်စီ ၂ဝ ကျော်နှင့် လုပ်ငန်းလည်ပတ်ခြင်းမပြုတော့သည့် အေဂျင်စီပေါင်း ၂ဝ ကျော်တို့၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့သည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထုတ်ပြန်ခဲ့ပါသည်။
၎င်းထဲတွင် လုပ်ငန်းမလည်ပတ်သည့် အေဂျင်စီ ၂၂ ခုနှင့် စည်းကမ်းဖောက်သည့် အေဂျင်စီ ၁ဝ ခုကို လိုင်စင် အပြီးတိုင်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး အခြားအေဂျင်စီပေါင်း ၁၃ ခုကိုမူလိုင်စင် ယာယီပိတ်သိမ်းခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီ စုစုပေါင်း ၂၅၇ ခုရှိကြောင်း သိရပါသည်။
အမ်အိုအီးအေအက်ဖ်က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းရေးဆွဲထားသည့် အေဂျင်စီများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ အေဂျင်စီပေါင်း ၁၈၃ ခုက အလုပ်သမားများစေလွှတ်ရာတွင် သတ်မှတ်ကျင့်ဝတ် စည်းကမ်းများကို စောင့်ထိန်းလိုက်နာပါမည်ဟု လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။
သို့သော်လည်း အေဂျင်စီပေါင်း ၈ဝ ခန့်မှာအဆိုပါ ကျင့်ဝတ်စည်းကမ်း ကတိပြုလက်မှတ်ရေးထိုးရန် ငြင်းဆန်နေဆဲဖြစ်ပြီး အေဂျင်စီအချို့က မြန်မာအိမ်အကူ လုပ်သားများကို စင်ကာပူသို့ တရားမဝင်ပို့ဆောင်နေသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောကြားခဲ့ပါသည်။
Myanmar Times