၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ပထမပတ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၀င်ရောက်ရင်နှီးမြှုပ်နှံမှု အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်မှုပမာဏ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်အထိ ၀င်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးကို ၂၀၁၈ ဖေဖော်ဝါရီ ၂ရက် ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးအမှတ်စဉ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခု ခွင့်ပြုခဲ့ပြီး လုပ်ငန်းနှစ်ခုကို အတည်ပြုခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုခဲ့သည့် လုပ်ငန်းသုံးခုရှိပြီး အဆိုပါအစည်းအဝေးကာလတွင် စုစုပေါင်းလုပ်ငန်း ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၁ ဒသမ ၁၁၉ သန်းကို ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၉၅ခုကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြုထားသောလုပ်ငန်း ၁၀ခုမှာ စက်မှုကဏ္ဍလုပ်ငန်းခြောက်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍနှစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှစ်ခုတို့ ဖြစ်ပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉၅ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၄၁၈ ဒသမ ၁၁၇ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၅၁၁၂ ဒသမ ၄၃၃သန်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုပေးမှုလည်း ပါ၀င်ပြီး စုစုပေါင်း ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၄၀၄ ဒသမ ၃၇၃သန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်မှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ စျေးကွက်အြခေအနေ၊ ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်းစသည့်အချက်များကို အခြေခံ၍ စီစစ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ် သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တစ်နည်းအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ေဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခုတို့အား အတည်ပြုအမိန့်များ ထုတ်ဝေပေးခဲ့ပြီး မတည်ငွေစာရင်းပမာဏ စုစုပေါင်းဒေါ်လာ ၄၀ ဒသမ ၂၉၅သန်းနှင့် ကျပ်ငွေ ၁၁၇၁၉ ဒသမ ၂၂သန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၁၂၃၉၉ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။