ဈေးနှုန်းကျဆင်းလာတဲ့ ငါးမြစ်ချင်းဈေးကွက်


28 June, 2018

မြန်မာနိုင်ငံ၏ ငါးမြစ်ချင်းငါးအမျိုးအစားကို ဆော်ဒီအာရေဗျနိုင်ငံသို့ အဓိကထားတင်ပို့ရာမှ ရပ်ဆိုင်းထားရသည့်အပြင် ပြည်တွင်းစားသုံးမှုဈေးကွက်တွင်လည်း ဈေးနှုန်းကျဆင်းနေကြောင်း ကြည့်မြင်တိုင်စံပြငါးဈေးငါးဒိုင်များထံမှ သိရပါတယ်။

ယမန်နှစ် ငါးမြစ်ချင်းရာသီတွင် ဆော်ဒီအာရေဗျနိုင်ငံနှင့် တခြားပြည်ပနိုင်ငံများသို့ တင်ပို့မှုကြောင့် ပြည်တွင်းစားသုံးမှုဈေးကွက်တွင် ငါးမြစ်ချင်း တစ်ပိဿာလျှင် ၃၁၀၀ ကျပ် ရှိပြီး လက်ရှိ ပြည်တွင်းဈေးကွက်တွင် တစ်ပိဿာလျှင် ၂၆၀၀ ကျပ် သာရှိ တော့ကြောင်း သိရပါတယ်။

"ဧပြီလပိုင်းလောက်က ဆော်ဒီကို ငါးမြစ်ချင်းတင်ပို့တာကို ရပ်ဆိုင်းထားရတယ်။ ပြည်ပတင်ပို့တဲ့ကုန်သည်တွေ အဝယ်နည်းလာ တယ်။ နောက်ဆုံးတော့ ကန်သမားတွေက ကန်တွေကို ရှင်းပစ်ရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ရာသီဥတုကလည်း ရေကြီးတာ၊ ရေများတာနဲ့ဆိုတော့ ကန်ဖော်ပြီး ပြည်တွင်းဈေကွက်မှာပဲ ရတဲ့ဈေးနဲ့ ရောင်းချကြတယ်။ အဲဒီမှာ ပြည်တွင်းဈေးကွက် က ပေ ါပေါနဲ့ စားသုံးရတယ်။ ကန်သမားတွေက အရှုံးနဲ့ကြုံနေရတယ်" ဟု ကြည့်မြင်တိုင် စံပြငါးဈေးရှိ ငါးဒိုင်ထံမှသိရပါတယ်။

လက်ရှိတွင် ပြည်ပတင်ပို့မှုနှင့် ဝယ်လိုအားကျဆင်းနေသည့်ငါးမြစ်ချင်းကို ပြည်တွင်းဈေးကွက်မှာပင် စုပုံရောင်းချကြပြီး ငါးများပေါများလာသည့် အတွက် ငါးကန်ပိုင်ရှင်များ အရှုံးနှင့် ရင်ဆိုင်ေ်နရကြောင်း သိရပါတယ်။

ဇန်နဝါရီလကုန်တွင် ဆော်ဒီနိုင်ငံ စားသောက်ကုန်နှင့် ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့က ဗီယက်နမ်မှ ရေထွက်ကုန်များကို အထူးပစ်မှတ်ထားစစ်ဆေးခဲ့ရာ ဗီယက်နမ်ရေထွက်ကုန်လုပ်ငန်းကိုးခမှ ကုန်ပ စ္စည်းများသာ ကျန်းမာရေးစ စံချိန်စံညွှန်းနှင့် ကိုက်ညီခဲ့သည့်အတွက် ဆော်ဒီနိုင်ငံ စားသောက်ကုန်နှင့်ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏ ရေထွက်ကုန်များကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများကို စစ်ဆေးအဖြေရှာပေးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၏ ရေထွက်ကုန်များကို နှစ်စဉ်တန်ချိန် ခြောက်သောင်းဝန်းကျင်ခန့် ပြည်ပသို့တင်ပို့နေပြီး တန်ချိန်နှစ်သောင်း ခန့်မှာယူသုံးစွဲနေသည့် ဆော်ဒီနိုင်ငံမှ ရပ်ဆိုင်းခံရမှုကြောင့် ယခုအချိန်တွင် ငါးမြစ်ချင်းငါးဈေးကွက်ပျက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

 Myawady

Local News Read 636 times