မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် စာချွန်လွှာရေးထိုးမည်


25 May, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုမြင့်တင်ရေးအတွက် G to G နားလည်မှု စာချွန်လွှာ ရေးထိုးမည့်အစီအစဉ်တွင် ဆန်၊သကြား၊ပြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၏ သဘောထားအမြင်များကို အသင်းချုပ်၌ မေလ ၂၄ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဖက်မှ ဆန်၊သကြား၊ပြောင်း၊နှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ်ဖက်သို့ တင်ပို့နိုင်မှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါ ပို့ကုန်တန်ဖိုးနှင့်ညီမျှသော တရုတ်နိုင်ငံ ဖက်မှ လယ်ယာစိုက်ပျိုးရေး သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သံနှင့်သံမဏိ ပစ္စည်းများအား ပြန်လည် တင်သွင်းနိုင်မှာဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာကို သက်ဆိုင်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကုန်သည်စက်မှုအသင်းချုပ်တို့မှ သဘောထား မှတ်ချက်ခံယူခဲ့ပြီး မူကြမ်း ပြုစုထားခဲ့ကြကြောင်း သိရပါသည်။

နိုင်ငံတကာကုန်သွယ်မှုသတ်မှတ်ချက်များနှင့်အညီရောင်းချသွားမှာဖြစ်ပြီး ငွေကြေးအသုံးပြုမှုနှင့် စပ်လျဉ်း၍ မကြာခင် ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းရှင်ကြီးများအသင်းတို့နှင့် တွေ့ဆုံပြီး သဘောထားမှတ်ချက် ခံယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၊ ကူမင်းပြည်သူ့အစိုးရတို့အကြား ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုးမယ့် နားလည်မှုစာချွန်လွှာ ဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာကို မကြာခင်တရုတ်နိုင်ငံ၌ ကျင်းပတော့မည့် ကူမင်းကုန်စည်ပြပွဲတွင် လက်မှတ် ရေးထိုးသွား မှာဖြစ်တယ်လို့ သိရပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကုန်သည် စက်မှု အသင်းချုပ်နာယကနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဆန်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ သကြားနှင့်ကြံထွက်ပစ္စည်းများ နှင့် မူဆယ်၊ မန္တလေးကုန်စည်ဒိုင်များမှ ကိုယ်စားလှယ်များစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

Source: UMFCCI

Local News Read 506 times