နိုင်ငံခြားကို မြန်မာကော်ဖီတင်ပို့မှု တိုးတက်လာ


19 March, 2019

မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဉာဏ်ကြီးရှင်ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်းရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြည်သူများပါ ပါဝင်နိုင်တဲ့ ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲမှာ မြန်မာနိုင်ငံကော်ဖီအသင်း (ရန်ကုန်အစုအဖွဲ့ ) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မင်းဇင်က နိုင်ငံခြားကို မြန်မာနိုင်ငံရဲ့ ကော်ဖီတင်ပို့မှုဟာ အရင်နှစ်တွေထက် ၂ ဆ၊ ၃ဆ တိုးတက်လာတယ်လို့  ပြောပါတယ်။

ဦးမောင်မောင်မင်းဇင်က တိုးတက်မှုကို ပြောရမယ်ဆိုရင် ကိန်းဂဏန်းအရ သေချာမသိပေမယ့် အများကြီးတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ အရင်နှစ်တွေတုန်းကထက်ဆိုရင် ၂ ဆနီးပါး၊ ၃ ဆ နီးပါး တိုးတက်လာပါတယ်။

ဟိုးအရင်တုန်းကဆိုရင် ကော်ဖီကို တင်ပို့တယ်ဆိုတာ ဈေးနှုန်းကောင်းကောင်း မရဘူး။ အခုကြတော့ ဈေးနှုန်းကို နိုင်ငံတကာတန်းတူရလာတယ်။ တစ်ချို့ကော်ဖီတွေဆိုရင် နိုင်ငံတကာထက်ပိုပြီး ရတာတွေ ရှိတယ်လို့ပြောပါတယ်။

ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီလုပ်ငန်း ဒါရိုက်တာဦးငွေထွန်းက မြန်မာနိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ ရလဒ်ကောင်းများ ရရှိလာပြီဖြစ်ကြောင်း  ပြောပါတယ်။

ဒါ့ပြင် ဦးငွေထွန်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ အရမ်းကို အခြေအနေကောင်းလာပါပြီဆိုတာ ပြချင်လို့လည်း ကျွန်တော်တို့ ဒီပွဲလေးလုပ်ဖြစ်တာပါ။ မြန်မာနိုင်ငံမှာ အမှတ် ၉ဝ ကျော်ရဖူးတဲ့ ကော်ဖီတစ်ခါမှ မထွက်ဖူးပါဘူးလို့ ပြောပါတယ်။

ကော်ဖီအရည်အသွေးအကဲဖြတ်ပွဲမှာ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှထွက်ရှိတဲ့ ကော်ဖီစေ့နမူနာ ၅ မျိုးကို စင်ကာပူနဲ့ ဟောင်ကောင်တို့မှ အကဲဖြတ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမှ ကော်ဖီမြည်းစမ်းမှု ကျွမ်းကျင်သူများက အကဲဖြတ်ခဲ့ကြပါတယ်။

အဆိုပါ အကဲဖြတ်ပွဲမှာ Geisha၊ Pink Bourborn၊ Yellow Cattura၊ Red Cataui နဲ့ Saramon စတဲ့ ကော်ဖီ ၅ မျိုးကို အကဲဖြတ်ခဲ့ပြီး Geisha မျိုးဟာ အမှတ် ၉ဝ ကျော်ရရှိကာ အထူးတန်းဝင်ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှထွက်ရှိတဲ့ ကော်ဖီတွေဟာ ကော်ဖီအဆင့်သတ်မှတ်ချက် အမှတ် ၈၀ နဲ့အထက်မှာရှိပြီး အမေရိကန်၊ ကနေဒါ၊ ဂျပန်နိုင်ငံတွေကို အဓိကတင်ပို့နေပြီး လက်ရှိမှာတော့ နိုင်ငံခြားတင်ပို့မှုလည်း တိုးတက်နေလျှက်ရှိတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။

Mizzima

Export, Import Read 448 times