မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည်မည်ဖြစ်၍ ပြည်တွင်းရှိ ကုမ္ပဏီ အားလုံး သြဂုတ် ၁ ရက်ကစတင် ပြီး ခြောက်လအတွင်း ပြန်လည် မှတ်ပုံတင်ရမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြန်လည် မှတ်ပုံတင်ရာတွင် ၁၉၁၄ ကုမ္ပဏီများ အက်ဥပဒေ နှင့် ၁၉၅၀ အထူးကုမ္ပဏီအက် ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးပါဝင် ပြီး မှတ်ပုံတင်ခြင်းအတွက် အခ ကြေးငွေ ပေးသွင်းရန်မလို ကြောင်း အဆိုပါဌာနက ကြေညာခဲ့သည်။
‘‘ခြောက်လ အချိန်ပေးထားတယ်။ ခြောက်လအတွင်း စာရင်း လာမသွင်းရင် ကုမ္ပဏီစာရင်းထဲက ထုတ်မယ်’’ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။
စာရင်းပယ်ဖျက်ခြင်းသည် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ တစ်စုံတစ်ရာပြဿနာပေါ် ပေါက်ပါက ကုမ္ပဏီအမည်ဖြင့်သာ ဖြေရှင်းရမည်ဟု သတ်မှတ် ထားကြောင်း ၎င်းကဆက်လက် ပြောသည်။
ထို့ကြောင့် ကုမ္ပဏီများသည် ၂၀၁၈ သြဂုတ် ၁ ရက်မှ ၂၀၀၉ ဇန်နဝါရီလကုန်အထိ ခြောက်လ အတွင်း ပြန်လည်မှတ်ပုံတင်ရ မည်ဖြစ်ပြီး ကုမ္ပဏီများ မှတ်ပုံ တင်ခြင်းကို အွန်လိုင်း မှတ်ပုံတင်ခြင်း (MYCO) စနစ် ပြောင်းလဲ ကျင့်သုံးမည်ဟု အထက်ပါ ဦးစီး ဌာနက ကြေညာထားသည်။
၂၀၁၇ ကုမ္ပဏီများ ဥပဒေသည် ၂၀၁၈ သြဂုတ် ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဇွန်လ ၂၁ ရက်စွဲဖြင့် အမိန့်ကြေ ညာချက်ထုတ်ပြန်ထားသည်။
‘‘ကုမ္ပဏီတွေ မှတ်ပုံပြန် တင်ပြီး ဥပဒေအသစ်အရ အကာအကွယ်ယူတာ ကောင်းပါတယ်။ ကျွန်တော်တို့က အလုပ်ရှုပ်တယ် လို့ မခံစားရပါဘူး။ အခု ဥပဒေက တော်တော်လည်း အားကောင်းပါ တယ်’’ ဟု Genius Shan High− lands Coffee ကုမ္ပဏီပိုင်ရှင် ဦးငွေထွန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ ၅၂,၀၀၀ ကျော်၊ နိုင်ငံခြားကုမ္ပဏီ ရုံးခွဲ ၅,၈၀၀ ကျော် အစုအစပ်လုပ်ငန်း ၁,၀၀၀ ကျော် အပါအဝင် စုစုပေါင်း ကုမ္ပဏီ ၆၀,၀၀၀ ခန့်ရှိသည်။
7 Day Daily