မြန်မာ့ကြေးသွန်းလုပ်ငန်းရှင်များ အခက်တွေ့နေ


09 March, 2018

မန္တလေးမြို့ တမ္ပဝတီရပ်သည် ထိုပန်းတဉ်း ကြေးသွန်း၊ ကြေးခတ်၊ ကြေးထည်လုပ်ငန်းကို အဓိကလုပ်ကိုင်သောနေရာ ဖြစ်သည်။

မန္တလေးမြို့ တမ္ပဝတီရပ်ရှိ ကြေးသွန်းလုပ်ငန်းရှင်များ၏ အဆိုအရ ထိုပန်းတဉ်းကြေးသွန်းပညာရပ်သည် ၁၇၈၄ ခုနှစ် ဗဒုံမင်းလက်ထက်က စတင်ထွန်းကားခဲ့ခြင်းဖြစ်ပြီး ယနေ့ကာလထိ နှစ်ပေါင်းများစွာ တည်တံ့တွင်ကျယ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ကြေးသွန်း၊ ကြေးခတ်၊ ကြေးထည်လုပ်ငန်းတွင် ကြေးရုပ်အလေးလုပ်ငန်း၊ ကြေးရုပ်ပုံတူလုပ်ငန်း၊ ဘုရားဆင်းတုလုပ်ငန်း၊ ကြေးမောင်းလုပ်ငန်း၊ ကြေးစည်လုပ်ငန်း စသဖြင့် လုပ်ငန်းအမျိုးမျိုးရှိသည်။

မန္တလေးမြို့ တမ္ပဝတီ တစ်ရပ်ကွက်လုံး ကြေးသွန်းလုပ်ငန်း လုပ်ကိုင်ခြင်းမျိုး ဖြစ်သည်။ ကြေးသွန်းလုပ်ငန်းရှင် ၃ဝဝ ခန့်ရှိပြီး တချို့က မိသားစုလိုက် လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော ကြေးသွန်းလုပ်ငန်းသည် လွန်ခဲ့သော ရှစ်လခန့်က စတင်ပြီး ကုန်ကြမ်းဖြစ်သော 'ကြေး' ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အမြတ်အစွန်း တွက်ခြေမကိုက်သည့်အခြေအနေကို ရင်ဆိုင်နေရကြောင်း ကြေးသွန်းလုပ်ငန်းရှင်များက ဆိုသည်။

ကြေးဈေးနှုန်းသည် ၂ဝ၁၃ ခုနှစ်မှ ယမန်နှစ် နှစ်လယ်ပိုင်းထိ တစ်လျှောက်လုံး တည်ငြိမ်နေသော်လည်း ယမန်နှစ် ခြောက်လပိုင်းကျော်က စပြီး လစဉ်ဈေးနှုန်း မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ကြေးတစ်ပိဿာ ကျပ် ၁၂,ဝဝဝ အထိ ပေါက်ဈေးဖြင့် ဝယ်ယူနေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ကြေးကို စပ်သုံးရတာဖြစ်တဲ့အတွက် ကြေးနီကပိုဈေးကြီး၍ တစ်ပိဿာကို ကျပ် ၁၅,ဝဝဝ ဝန်းကျင်ရှိကြောင်း ဝယ်ရတာ မခက်သော်လည်း ဈေးမြင့်မြင့်သွားကြောင်း ကြေးသွန်းလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။

ကြေးဈေးနှုန်းတည်ငြိမ်စဉ်က တစ်ပိဿာလျှင် ကျပ် ၇,ဝဝဝ နှင့် ၈,ဝဝဝ ကြားသာရှိခဲ့သော်လည်း လစဉ်မြင့်တက်လာသော ဈေးနှုန်းကြောင့် ဝယ်ယူရန်အခက်အခဲမရှိသော်လည်း အမြတ်အစွန်းမကျန်သဖြင့် လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ကြေးသွန်းလုပ်ငန်းကို နှစ်ပေါင်း ၃ဝ ကျော် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

အဓိက ကတော့ ထမင်းဖိုး ဟင်းဖိုးကျန်ရင် ပြီးတာပဲလို့ တွက်ပြီးလုပ်ရခြင်းဖြစ်ပြီး တကယ်တမ်းလုပ်လို့ အကောင်းဆုံးကာလက ၂ဝဝ၇ ခုနှစ်ဝန်းကျင်ပါပဲဟု ၎င်းက ဆိုပါသည်။

ကြေးဈေးကွက်အတွင်း ဖြစ်တည်နေသော အခြေအနေအရ လိုအပ်သော ကြေးကုန်ကြမ်းကို လုပ်ငန်းရှင်များအနေဖြင့် အစိုးရဆီက တိုက်ရိုက်ဝယ်ယူခွင့်မရဘဲ ပုဂ္ဂလိက အရောင်းဆိုင်များမှတစ်ဆင့် ဝယ်ယူရခြင်း ဖြစ်ကြောင်းသိရပါသည်။

ယခင်အစိုးရလက်ထက် ကြေးနှင့် ရောစပ်အသုံးပြုသော ခဲမဖြူနှင့်အဖြိုက်နက်ကို တိုက်ရိုက်ဝယ်ယူခွင့် လိုင်စင်ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုသို့ ဝယ်ယူခွင့်မရှိတော့ဘဲ ပုဂ္ဂလိက အရောင်းဆိုင်များမှ တစ်ဆင့် ဝယ်ယူရခြင်းဖြစ်ကြောင်းသိရပါသည်။

ပုဂ္ဂလိကအရောင်းဆိုင်များတွင် ကြေးတို ကြေးစများကိုသာ ဝယ်ယူရရှိပြီး ထိုကြေးတိုကြေးစများကို ပြန်လည်အရည်ကြိုကာ ကြေးသွန်းရုပ်များ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သိရပါသည်။

ဈေးကွက်ထဲ အများစုရှိသော ကြေးကုန်ကြမ်းသည် ကြေးဝိုင်ယာကြိုး အတိုအပြတ်များနှင့် ကြေးစင်တောင်က ထွက်ရှိပြီး တရုတ်ပြည်သို့ တင်ပို့၍မရသော မသန့်စင်သည့် ကြေးများသာဖြစ်သည်ဟု သိရပါသည်။

သန့်စင်သောကြေးနှင့် အရည်အသွေးမြင့် ကြေးပြား၊ ကြေးထည်များကိုမူ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။

ကြေးပြားနှင့် ကြေးထည် ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၏ အဆိုအရ ကြေးဈေးနှုန်းမြင့်တက်လာခြင်းသည် မြန်မာနိုင်ငံက ထွက်ရှိသော အရည်အသွေးမြင့် ကြေးပြားနှင့်ကြေးထည်များကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။

တရုတ်နှင့် ထိုင်းနိုင်ငံများက ကြေးသွန်းလုပ်ငန်းနှင့် ပန်းထိမ်လုပ်ငန်းများအတွက် မြန်မာနိုင်ငံက ကြေးပြားများကို ဝယ်ယူခြင်းဖြစ်ပြီး အောက်လိုင်းဆိုသည်မှာ တရားမဝင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ အော်ဒါမှာယူမှုပေါ် မူတည်၍ ကြေးပြားများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ဝယ်ယူရာ၌ ပြည်တွင်း ကြေးသွန်းလုပ်ငန်းရှင်များသည် တစ်ခါဝယ်ယူလျှင် ကြေးပြားပိဿာချိန် ၂ဝဝ မှ ၁,ဝဝဝ ထိသာ ဝယ်ယူနိုင်ခြင်းဖြစ်သည်။ ပြည်ပမှ တစ်နှစ်လျှင် တန် ၅ဝ ထိ ဝယ်ယူခြင်းဖြစ်သည်။ ထို့အတွက် ကြေးကုန်ကြမ်းဈေးနှုန်းသည် ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။

ထို့ထက်မက ကြေးဈေးနှုန်း ဆက်လက်မြင့်တက်လာပါက ပြည်တွင်းကြေးသွန်းလုပ်ငန်းအသေးစားများအနေဖြင့် လုပ်ငန်းရပ်ဆိုင်းသည်ထိ အခက်အခဲကြုံတွေ့ရနိုင်ကြောင်း ကြေးသွန်းလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။

ကြေးဈေးနှုန်းမြင့်တက်မှုကြောင့် အမြတ်အစွန်းမကျန်သည့် အခက်အခဲကို ရင်ဆိုင်နေရသော်လည်း ကြေးသွန်းအရောင်းအဝယ်လုပ်ငန်းမှာ ပုံမှန်အနေအထားရှိနေကြောင်း၊ အော်ဒါမှာယူမှု လေးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း၊ ယခင်နှစ်များက ကျပ်ကိုးသိန်းခန့်ဈေးနှုန်းရှိခဲ့သော အရောင်းအဝယ်အများဆုံးဖြစ်သည့် ၄၂ လက်မအရွယ် ဆင်းတုတော်ကို ယခုနှစ်တွင် ကျပ် ၁၁ သိန်းထိ ဈေးနှုန်းဖြင့် ရောင်းချနေကြကြောင်း ကြေးသွန်းလုပ်ငန်းရှင်များက ပြောခဲ့ပါသည်။

ပုံမှန်အရောင်းအဝယ်တွင် တစ်လကို ကြေးသွန်းဆင်းတုတော် ၁ဝ ဆူခန့်ရောင်းချရပြီး အရောင်း အဝယ်ပါးချိန်တွင် ဆင်းတုတော် ခြောက်ဆူ၊ ခုနစ်ဆူခန့်သာ ရောင်းချရကြောင်း ဒုတိယအရောင်းအဝယ်ဖြစ်သော ၃၆ လက်မအရွယ် ဆင်းတုတော်သည် ကျပ်ရှစ်သိန်းခန့် ပေါက်ဈေးဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ဘုရားစောင်းတန်းများသို့ သွင်းရသော ကြေးဆင်းတုရုပ်အသေးများကို နေ့စဉ် ၁ဝ စုံခန့် သွင်းနေရပြီး ယခင်က တစ်စုံ ကျပ်၂,ဝဝဝ အမြတ်ကျန်သော်လည်း ယခု ကျပ် ၁,ဝဝဝ သာ အမြတ်ကျန်ကြောင်း၊ ယခင်က အလုပ်သမားစရိတ်ရှင်းပြီး ကျပ် ၂ဝ,ဝဝဝ ခန့် အမြတ်ကျန်သော်လည်း လက်ရှိတွင် အလုပ်သမားစရိတ်ရှင်းပြီး ကျပ် ၁ဝ,ဝဝဝ ခန့်သာ အမြတ်ကျန်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ကြေးသွန်းလုပ်ငန်းတွင် ရုပ်တုလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသည့် ကြေးသွန်းလုပ်ငန်းရှင်တစ်ဦးက ယမန်နှစ်ကထက် ယခုနှစ်တွင် ကြေးသွန်းလုပ်ငန်းအရောင်းအဝယ်နည်းပါးကြောင်း ပြောခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကြေးထုတ်လုပ်မှုကို ၁၉၈၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ထုတ်ပြန်ထားသော မှတ်တမ်းများအရ ၂ဝ၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန် ၁ဝ မျိုး၌ ကြေးတင်ပို့မှုသည် နံပါတ် ၁ဝ နေရာတွင် တည်ရှိနေပြီး အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ ၂ သန်း ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကြေးထုတ်လုပ်မှုသည် ၂ဝဝ၅ ခုနှစ်တွင် အများဆုံးရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် မက်ထရစ်တန် ၁ဝ,ဝဝဝ သာ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ်က တရုတ်နိုင်ငံသို့ မက်ထရစ်တန် ၃ဝဝ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း ကြေးသွန်းလုပ်ငန်းများအနေဖြင့် ကြေးကို အစိုးရဆီမှတိုက်ရိုက်ဝယ်ယူခွင့် မရသဖြင့် ပုဂ္ဂလိက အရောင်းဆိုင်များမှ တစ်ဆင့်ဝယ်ယူရခြင်း၊ မိရိုးဖလာ လုပ်ငန်းများအနေဖြင့် လုပ်ငန်းတစ်ခုလျှင်ကြေး ငါးတန်ခန့်သာ သုံးစွဲအလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရပါသည်။

 

Local News Read 1166 times