မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းနှင့် ရပ်တည်မှုအဆင့်


28 February, 2018

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ၂၀၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းကို ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အမှတ်၃၀ ရရှိပြီး နိုင်ငံပေါင်း ၁၈ဝအနက် အဆင့် ၁၃၀ ၌ရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်က အဆင့် ၁၃၆ ၌ ရှိခဲ့သောကြောင့် ယခုနှစ်တွင် အဆင့် ခြောက်ဆင့် မြင့်တက်လာကြောင်း တွေ့ရပါသည်။

TI အဖွဲ့၏ ယခုနှစ် ထုတ်ပြန်မှုသည် ၎င်းအဖွဲ့၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိိမ်းအမှတ်လည်း ဖြစ်ကြောင်း သိရပါသည်။

၎င်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားတွင် ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ ပြုလုပ်နေကြသော်လည်း နိုင်ငံအများစုသည် ကြိုးပမ်းအားထုတ်မှု လွန်စွာနှေးကွေးလျက်ရှိကြောင်း သိရပါသည်။

လွန်ခဲ့သော ၆ နှစ်အတွင်း နိုင်ငံပေါင်းများစွာတို့၌ တိုးတက်မှုမရှိသလောက် နည်းပါးခဲ့သည်ဟု သိရပါသည်။

TI ၏ လေ့လာသုံးသပ်မှုအရ စာနယ်ဇင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်မှု အနိမ့်ဆုံးနိုင်ငံများသည် အကျင့်ပျက်ခြစားမှုနှုန်း အမြင့်မားဆုံးဖြစ်နေသည်ကိုလည်း တွေ့ရှိရပါသည်။

ယခုနှစ် အညွှန်းကိန်းတွင် အကျင့်ပျက် ခြစားမှုအနည်းဆုံးအဖြစ် ထိပ်ဆုံးရရှိသောနိုင်ငံများမှာ နယူးဇီလန်၊ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် စင်ကာပူတို့ဖြစ်ကြပါသည်။

TI က ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် အညွှန်းကိန်းသည် ကျွမ်းကျင်ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များနှင့် လုပ်ငန်းရှင်တို့၏ အမြင်များအပါအဝင် စစ်တမ်းကောက်ယူမှု ၁၃ ခုအပေါ် အခြေခံထားပြီး ခြစားမှု အမြင့်ဆုံးအဖြစ် သုညဟုသတ်မှတ်ပြီး ခြစားမှု အကင်းစင်ဆုံးအဖြစ် ၁၀၀ ဟု သတ်မှတ်ထားသည်။

၎င်းအပြင် World Justice Project က ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ တရားဥပဒေစိုးမိုးမှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အမှတ် ၀ ဒသမ ၄၂ ဖြင့် နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် အဆင့် ၁၀၀ ၌ရှိကြောင်း သိရပါသည်။

Industry Reviews Read 3933 times