အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁,၃၄၅ ကျပ်ဖြင့် တစ်နှစ်ကျော်ကာလအတွင်း ဒေါ်လာသည် အနိမ့်ဆုံးတန်ဖိုးသို့ရောက်ရှိနေသည်ဟု ဗဟိုဘဏ်၏ ငွေလဲစျေး ရည်ညွှန်းနှုန်းထားအရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် တစ်နှစ်တာလုံး တစ်ဒေါ်လာလျှင် ၁,၃၆ဝ ကျပ်ခန့် ရှိခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိတွင်ပင် တစ်ဒေါ်လာလျှင် ၁,၃၆၁ ကျပ်စျေးပေါက်ခဲ့သော်လည်း နောက် ၁၄ ရက်အကြာ ဇန်နဝါရီ ၁၆ ရက်တွင် ၁,၃၄၅ ကျပ်အထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ဒေါ်လာငွေစျေးကျဆင်းခြင်းသည် တစ်နည်းအားဖြင့် မြန်မာငွေတန်ဖိုးတက်လာခြင်းဖြစ်သည်။
မှတ်တမ်းများအရ မြန်မာကျပ်ငွေတန်ဖိုးသည် ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၆၆ ကျပ်အထိ အနိမ့်ဆုံးတန်ဖိုးကျခဲ့ကြောင်း ဗဟိုဘဏ်၏ နေ့စဉ်ငွေလဲစျေး ရည်ညွှန်းမှတ်တမ်းတွင် တွေ့ရသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းထုတ်ကုန်အားနည်းနေဆဲဖြစ်ရာ ကဏ္ဍအသီးသီးတွင် လိုအပ်သည့်ထုတ်ကုန်များကို တင်သွင်းနေရဆဲဖြစ်သည်။
ထိုအခြေအနေတွင် ပြည်တွင်းကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာခြင်းက ပြည်ပမှ တင်သွင်းရသည့် ကုန်ပစ္စည်းများအတွက် ပေးချေရသည့် ငွေပမာဏနည်းသွားစေသဖြင့် ကောင်းကျိုးရှိသည်။
ဥပမာအားဖြင့်ဆိုလျှင် ပြည်ပမှ မလွဲမသွေ တင်သွင်းနေရသည့် စက်သုံးဆီစျေးနှုန်းများသည် ကျပ်ငွေတန်ဖိုးကျဆင်းနေမှုအပေါ် အခြေပြု၍ စျေးနှုန်းမြင့်တက်မှုများရှိခဲ့သည်။
ထို့အတူ အဓိကသွင်းကုန်ပစ္စည်းများဖြစ်သည့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများသည် ၂ဝ၁၇ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ စျေးနှုန်းမြင့်တက်လျက်ရှိသည်။
လက်ရှိတွင် ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာသော်လည်း မြင့်တက်နေသည့် သွင်းကုန်ပစ္စည်းများ၏ စျေးနှုန်းများမှာမူ ပြောင်းလဲမှု မရှိသေးပေ။
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်၏ ငွေလဲမှုနှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၃၆၁ ကျပ်ဖြစ်ခဲ့စဉ်က သွင်းကုန်အမည်တစ်မျိုးဖြစ်သည့် 95 Ron ဓာတ်ဆီ လက်လီတစ်လီတာစျေးနှုန်းသည် ၈၄၅ ကျပ်စျေး ပေါက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ဇန်နဝါရီ ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၄၅ ကျပ်သို့ ကျပ်ငွေတန်ဖိုးမြင့်ပြီး ဒေါ်လာစျေးကျသွားသော်လည်း ထိုဓာတ်ဆီမှာ တစ်လီတာ ၈၅၅ ကျပ်စျေးနှုန်းဖြင့် ပေါက်နေသည်ကို စက်သုံးဆီလုပ်ငန်းရှင်အသင်း၏ စျေးနှုန်းဖော်ပြချက်စာရင်းတွင် လေ့လာတွေ့ရှိရသည်။
မြန်မာကျပ်ငွေသည် ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းကစတင်ကာ စျေးကျခဲ့ပြီး ကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၂ဝဝ ဝန်းကျင်မှစတင်ကာ တဖြည်းဖြည်းတန်ဖိုးကျဆင်းလာခဲ့ပြီး လက်ရှိစျေးမတိုင်မီ ကျပ် ၁,၃၆ဝ အထိ ရောက်ရှိခဲ့ပြီးနောက်တွင်မှ ယခုကဲ့သို့ ပြန်လည်စျေးတက်လာခြင်းဖြစ်သည်။
ကုန်သွယ်မှုပိုင်းတွင်မူ ပြည်တွင်းပို့ကုန်ပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် လက်ရှိဘဏ္ဍာနှစ် နှစ်ခု၏နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံဖိုး ပိုမိုတင်ပို့ထားနိုင်သည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများတွင် တွေ့ရသည်။