မြန်မာငွေစက္ကူအတု ပျံ့နှံ့မှုသတင်း မမှန်ကြောင်း ဗဟိုဘဏ်ငြင်းဆန်
မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာရှိတဲ့ ငွေစက္ကူ အတုတွေကို မထိန်းနိုင်တဲ့အကြောင်း မီဒီယာ တချို့ရဲ့ ဖော်ပြချက်တွေဟာ မမှန်ကြောင်း ဗဟိုဘဏ် အဆင့်မြင့်တာဝန်ရှိသူတဦးက ငြင်းဆန်လိုက်ပါတယ်။ မမှန်မကန် ရေးသားဖော်ပြတဲ့ သူတွေကို အရေးယူမယ်လို့လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော် က ပြောပါတယ်။
"ဗဟိုဘဏ်ပုံကိုလည်း အသုံပြုထားပြီး ဗဟိုဘဏ်က ကြေညာတယ်ဆိုတဲ့ သဘောဖြစ်လို့ Website ကနေ page က ကြေညာနေတဲ့သူကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ကနေ တဆင့် ကျနော်တို့ ရှာဖွေဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။ မဟုတ်တမ်းတရမ်း တွေကြေညာတဲ့ မီဒီယာကို ဖော်ထုတ်အရေးယူသွားမှာလည်းဖြစ်ပါတယ်။ ဒီ Page တွေကို ဟုတ်တယ်ထင်ပြီး Share တဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်"
မည်သည့်ငွေစက္ကူကိုမှ ပြန်လည်ပြီး သိမ်းမှာ မဟုတ်ဘူးဆိုတာ ကြေညာခဲ့ပြီးကြောင်းနဲ့ အဲဒီလို သတင်းတွေဟာလည်း မဟုတ်မှန်ပါကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော် က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး၊ လုံခြုံရေး မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေမှာ ရိုက်ခတ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။