သဘာဝဓာတ်ငွေ့ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ဝင်ငွေရရှိ


21 August, 2018

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ဘဏ္ဍာရေးနှစ် အကူးအပြောင်း ကြားကာလ လေးလကျော်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ယခင်နှစ်ကာလတူထက်ဒေါ်လာ သန်း ၁၂၀ ကျော်ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

လေးလကျော်အတွင်း သဘာဝဓာတ်ငွေ့ ပြည်ပတင်ပိ့ုမှုမှ ဒေါ်လာ တစ်ဘီလီယံကျော် ရရှိထားသော်လည်း ပြည်ပမှ စက်သုံးဆီ ပြန်လည်တင်သွင်းရာတွင် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုသုံး စွဲရသည်ဟု ၎င်းကရှင်းပြသည်။

နိုင်ငံတကာ ဈေးနှုန်းအပြောင်းအလဲနှင့် တိုက်ရိုက်ချိတ်ဆက်နေသောကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေသော သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့ ရောင်းချမှု အပြောင်းအလဲရှိသည် ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

ထို့အပြင် ဘဏ္ဍာရေးနှစ် အကူးအပြောင်းကြားကာလ လေးလကျော်အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏ တစ်ဘီလီယံကျော် တိုးလာသကဲ့သို့ သွင်းကုန်ပမာဏ လျှော့ချနိုင်ခြင်းကြောင့် ကုန်သွယ်မှုလိုငွေကို ပြီးခဲ့သည့်နှစ် ကာလတူထက် ထက်ဝက်ခန့် လျော့နည်းစေခဲ့သည်။

မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ ပြောပြချက်အရ မြန်မာနိုင်ငံသည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကို ၁ ဒသမ ၇ ဘီလီယံ ကုဗပေ ထုတ်လုပ်လျက်ရှိပြီး ၁ ဒသမ ၅ ဘီလီယံကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ နေ့စဉ် တင်ပို့လေ့ရှိကြောင်းသိရပါသည်။

" ကျနော်တို့က ပိုက်လိုင်းများမှတစ်ဆင့်နေ့စဉ်တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ၁ ဒသမ ၅ ဘီလီယမ် ကုဗပေတင်ပို့လေ့ရှိပြီး သွင်းကုန်အနေနဲ့ စက်သုံးဆီကို ၅၀၀၀၀ စည် ကို တင်သွင်းပါတယ်" ဟု မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ အလုပ်အမှုဆောင် ဘူမိဗေဒပညာရှင် ဦးကျော်သူရမှ ပြောကြားခဲ့ပါသည်။

ကားတင်သွင်းမှု ပမာဏ လျော့ကျလာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေပမာဏ သန်း ၉၅၀ ခန့်သာရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူက ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၅၁ ခုနှင့် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက် ၅၃ ခုရှိရာ MOGE သည် ကုန်းတွင်းပိုင်းရေနံလုပ်ကွက် ၅၃ ခုထဲမှ ၂၅ ခုကိုလည်းကောင်း၊ ကမ်းလွန်ရေနံလုပ်ကွက် ၅၁ ခုထဲမှ ၃၈ ခုကိုလည်းကောင်း နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်း၍ တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှတင်ပို့လျက်ရှိသော သဘာဝဓာတ်ငွေ့များကို ရေတံခွန်၊ ရွှေ၊ ဇောတိက နှင့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တူးဖော်ရရှိပါသည်။

ကမ်းလွန်နှင့် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်အသစ်များ ဖော်ထုတ်နိုင်ရန်နှင့် ပြည်တွင်းတွင် သဘာဝဓာတ်ငွေ့သုံးစွဲမှုပိုလျှံပါက အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချနိုင်ရန် ကြံဆလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးဝင်းခိုင်မှ MOGE ဘူမိဗေဒဖိုရမ် ၂၀၁၈ တွင် ပြောကြားခဲ့ပါသည်။

‘‘ဒီနှစ်ပဲက ဝင်ငွေကတော့ လျော့သွားမှာသေချာတယ်။ တင်ပို့နိုင်တဲ့ပမာဏရော၊ စိုက်ပျိုးထုတ်လုပ်မှုရော လျော့နည်း သွားတယ်’’ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲ တင်ပို့မှုမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရရှိပြီး ၂၀၁၇-၁၈ တွင် ကန်ဒေါ်လာသန်း ၇၀၀ ကျော်သို့ ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။

ဆန်တင်ပို့မှုသည် ယခုနှစ် တွင် တန်ချိန်နှစ်သန်းကျော် တင် ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က ပြော သည်။ ယခင်ဘဏ္ဍာနှစ်က ဆန် တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့သည်။

ပဲမျိုးစုံနှင့် ဆန်ပြည်ပတင်ပို့ မှု လျော့နည်းခြင်းကြောင့် လယ် ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၁၅၄ သန်းကျော် လျော့နည်းသည်။ သို့သော် ကျွဲ၊ နွား အပါအဝင် ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ မှုမှ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပိုမိုရရှိသည်။

Source: eleven myanmar / 7 day

Export, Import Read 662 times