ယခုနှစ်အတွင်း ကျဆင်းလာသည့် မြန်မာ့စီးပွားရေးဖွံဖြိုးမှု


10 November, 2017

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အားနည်းခြင်း အပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော ခွင့်ပြုချက်အချို့ နှောင့်နှေးခြင်းတို့ ကြောင့် ၂၀၁၇ တွင် မြန်မာနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ခန့်မှန်း ထားသည်ထက်ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ခန့်မှန်းသည်။

ကုန်ထုတ်လုပ်မှု နှေးကွေး ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း များတွင် ခွင့်ပြုချက်များ နှောင့် နှေးခြင်းနှင့် မပြီးပြတ်သေးသော နိုင်ငံရေးအသွင်ကူးပြောင်းမှုများ ကြောင့် ၂၀၁၇ တွင် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု IMF ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ၂၀၁၆ တွင် IMF က ကြိုတင်ခန့်မှန်းသော် လည်း နှစ်ကုန်ခါနီး၌ ၆ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း ဖော် ပြထားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်စဉ်အကဲ ဖြတ်တိုင်းတာမှုများ ပြုလုပ်နေသည်။

၂၀၁၈ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အကဲဖြတ်တိုင်းတာရန် ငွေကြေးရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဟု အဆိုပါ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း သိရပါသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော ပဋိပက္ခများ ကြောင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အတိုင်းအတာ တစ်ခုအထိ ထိခိုက်လာနိုင်သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည်ယခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိလာမည်ဟု ကမ္ဘာ့ဘဏ် က ၂၀၁၇ အောက်တိုဘာတွင် ထုတ်ပြန်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ ခန့်မှန်းတွက်ချက်ထားသည်။

ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ရခိုင်ပဋိပက္ခအပြင် ပြုပြင်ပြောင်းလဲမှုများ  အရှိန်အဟုန်နှေးကွေးကြောင်း အမြင်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့် အနေအထားများကြောင့်နဂိုရှိသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေကြောင်း သုံးသပ်ပြထားသည်ဟု သိရပါသည်။

သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များ ခိုင်မာအားကောင်းမှု ရှိသော်လည်း အကောင်အထည်ဖော်မှုအပိုင်း နှေးကွေးမှုနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေမှု ကြုံတွေ့နေရသည့်အခြေအနေကို ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှပြောကြားကြောင်းသိရပါသည်။

ထို့အတူ ရန်ကုန်တိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ခွင့်ပြုပေးမှု ကြန့်ကြာနေခြင်းကို စည်ပင်ဥပဒေအသစ် ရေးဆွဲပြီး ဖြေရှင်းဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ပြောကြားကြောင်းသိရပါသည်။

Source:sevenday journal

Industry Reviews Read 3369 times