မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းမကြီးများ


11 December, 2018

အရှေ့အနောက်လမ်းမကြီး၊ တောင်ပိုင်းလမ်းမကြီး၊ အရှေ့လမ်းမကြီး နှင့်အလယ်ပိုင်းလမ်းမကြီး စသည့်ဖြင့် မဟာမဲခေါင်ဒေသခွဲ ခြောက်နိုင်ငံကို ဆက်စပ်ပေးထားသည့်စီးပွားရေးလမ်းမကြီးများရှိပါသည်။

စီးပွားရေးလမ်းမကြီး
 

စီးပွားရေးလမ်းမကြီး သို့မဟုတ် စီးပွားရေး စင်္ကြံဆိုသည်မှာ စီးပွားရေးလုပ်ဆောင်မှုများ စုစည်းမှုရှိသည့် နယ်မြေဧရိယာများကို ဆက်စပ်ပေးထားခြင်းဖြစ်ပါသည်။ စီးပွားရေးအချက်အချာ နေရာနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောနေရာများကို ကားလမ်း၊ ရထားလမ်းစသည်ဖြင့် ဆက်သွယ်ထားပါက သယ်ယူပို့ဆောင်ရေးလမ်းမကြီး (Transport Corridor) ဟု ခေါ်ဆိုနိုင်ပါသည်။ ယင်းသယ်ယူပို့ဆောင် ရေးလမ်းမကြီးတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အထောက်အကူပြုသည့် ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပါက ထိုအရာသည် Logistic Corridor အဆင့်ဖြစ်လာခဲ့ပါသည်။

ယင်းမှတစ်ဆင့် အခရာကျသောဒေသများ၊ စက်မှုလက်မှုလုပ်ငန်းစုများ၊ စီးပွားရေးဈေးကွက်များနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများကို ဆက်စပ်နိုင်ပါက ယင်းသည် စီးပွားရေးလမ်းမကြီး (Economic Corridor)အဆင့် ဖြစ်လာသည်။

အခရာကျသောဒေသများမှာ လူဦးရေထူထပ်ပြီး ကြီးမားသော မြို့ပြအစုအဖွဲ့များဖြစ်ပြီး ယင်းဒေသစီးပွားရေး လုပ်ဆောင်မှုများ၏ ဗဟိုဌာနများလည်း ဖြစ်ပါသည်။ ဥပမာ ဘန်ကောက်၊ ဖနွမ်းပင်နှင့် ဟိုချီမင်းမြို့တို့မှာ မဲခေါင်-အိန္ဒိယ စီးပွားရေးစြင်္ကံ၏ အခရာကျသောဒေသများလဲ ဖြစ်လာခဲ့ပါသည်။ စက်မှုလက်မှုလုပ်ငန်းစုများမှာ အခရာကျသော ဒေသများအတွက် စီးပွားရေးမောင်းနှင်အားဖြစ်လာမည့် စီးပွားရေးအစုအဖွဲ့များလဲ ဖြစ်ပါတယ်။ ဥပမာ- စက်မှုနယ်မြေနှင့် အထူးစီးပွားရေးဇုန်တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းမကြီးများ
 

မဟာမဲခေါင်ဒေသတွင်း စီးပွားရေးလမ်းမကြီးအယူအဆကို ကျင့်သုံး၍ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလမ်းမကြီးများကို ဖော်ထုတ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းမကြီးများမှာ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား မျှတ၍အချိုးညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တည်ဆောက်ထားခြင်းလဲ ဖြစ်ပါသည်။မြန်မာနိုင်ငံ၏ အချို့လမ်းမကြီးများမှာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် အိမ်နီးချင်းနိုင်ငံများအကြား စီးပွားကုန်သွယ်ဆက်သွယ်မှုများ မြင့်တက်စေရန် လုပ်ဆောင်မှုလည်းဖြစ်ပါသည်။

၎င်းအပြင် ယင်းစီးပွားရေးလမ်းမကြီးများကြောင့် ကြီးမားသောဈေးကွက်ကြီးများသို့ လက်လှမ်းမီလာခြင်း၊ မြို့ပြသာမက ကျေးလက်ဒေသများပါ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးစွမ်းဆောင်ရည်တိုးတက်ခြင်း ၊ စက်မှုလုပ်ငန်းများမှထုတ်လုပ်မှုများသည် ဒေသအသီးသီးသို့ ရောက်ရှိဖြန့်ဖြူးနိုင်ခြင်း၊ ကျယ်ပြန့်သော ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကို ပိုမိုလက်လှမ်းမီလာခြင်းစသည့် အကျိုးကျေးဇူးများပါ ရရှိလာစေခဲ့ပါသည်။ ပထဝီအနေအထားအရ မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းမကြီးများမှာ တောင်မြောက်လမ်းမကြီးများသာ ဖြစ်ပါသည်။ သာဓကအားဖြင့် ရန်ကုန်-မန္တလေးလမ်းမကြီး၊ ပုသိမ်-မုံရွာလမ်းမကြီးစသည်တို့ ဖြစ်ပါသည်။

၎င်းအပြင် မြန်မာ-တရုတ်နယ်စပ် မူဆယ်-မန္တလေး၊ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မန္တလေး စသည်ဖြင့် အခြားဓားလွယ်ခုတ် လမ်းမကြီးများလည်းရှိပါတယ်။ အရှေ့အနောက်စီးပွားရေးလမ်းမကြီးများဖြစ်သော မြဝတီ-ရန်ကုန်လမ်းနှင့် တာချီလိတ်-တောင်ကြီး- မိတ္ထီလာလမ်းစသည်တို့မှာ တောင်မြောက်လမ်းမကြီးများလောက် အခရာမကျခဲ့ပေ။ ယင်းသို့ဖြစ်ရခြင်းမှာ အခရာကျသောမြို့ကြီးများသည် တောင်မြောက်လမ်းမကြီးများပေါ်တွင်တည်ရှိပြီး စက်မှုလုပ်ငန်းစုကြီးများနှင့် ဈေးကွက်ကြီးများမှာ ယင်းလမ်းကြောင်းပေါ်တွင်သာ ရှိပါသည်။ အရှေ့အနောက် လမ်းမကြီးများသည် ပြည်နယ်နှင့် တောင်ပေါ်ဒေသများကို ဖြတ်သန်းရသဖြင့် လမ်းမကြီးတစ်လျှောက် အခရာကျသော မြို့ကြီးများ၊ စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းစုကြီးများနည်းပါးပါသည်။ မြန်မာနိုင်ငံ၏ အရှေ့အနောက် လမ်းမကြီးများသည် တောင်မြောက်လမ်းမကြီးများထက်စာလျှင် ဖွံ့ဖြိုးမှုနည်းပါးခဲ့ပါသည်။

အထက်ပိုင်း အရှေ့အနောက်လမ်းမကြီး (တာချီလိတ်-မိတ္ထီလာလမ်းမကြီး)
 

မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှည်လျားဆုံးလမ်းပိုင်းမှာ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပိုင်းဖြစ်၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက (MTKT) ဟု အတိုကောက်ခေါ်ပါသည်။ မိတ္ထီလာ-တာချီလိတ်လမ်းပိုင်းသည် ၄၉၃ မိုင်ရှည်လျားခဲ့ပြီး ယင်းလမ်းမကြီတစ်လျှောက် မြို့ကြီးများအဖြစ် မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့ကြီးများသာ ရှိပါသည်။ ယင်းလမ်းပိုင်းသည် အာရှလမ်းမကြီး(AH-2)၏ အစိတ်အပိုင်းလည်းဖြစ်ခဲ့ပါသည်။ GMS ၏ North-South Economic Corridor နှင့်လည်း ဆက်စပ်သည်။ မိတ္ထီလာမှ ကလော၊ တောင်ကြီး၊ လွိုင်လင်လမ်းပိုင်းတွင် ပေ ၃,၀၀၀ကျော် တောင်တန်းကြီးများကို ဖြတ် သန်းရပြီး မိုင်းပြင်း၊ ကျိုင်းတုံလမ်းမကြီး တစ်လျှောက်တွင် ပေ ၆,၀၀၀ကျော်မြင့်သော တောင်တန်းကြီးများ ဖြတ်သန်းရ၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲခဲ့ပါသည်။ ယခင် ယင်းတောင်ပေါ်လမ်းများမှာ ကားတစ်စီးသာသွားနိုင်သော ကျောက်ကြမ်းလမ်းများသာဖြစ်သည့်အပြင် အချို့နေရာများတွင် လုံခြုံရေးအရ စိတ်မချရသည့် အခြေအနေရှိပါသည်။

ထို့ကြောင့် ယင်းမိုင် ၄၀၀ ကျော် ခရီးကိုကားလေးဖြင့် ၃–၄ ရက်ခရီး၊ ကုန်တင် ယာဉ်ကြီးများဖြစ်လျှင် တစ်ပတ်ကြာ ခရီးစဉ်များဖြင့် သွားလာခဲ့ရသည်။ ၂၀၁၂ခုနှစ်မှစ၍ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက တောင်ပေါ်လမ်းကို ၁၈ပေ ကတ္တရာ၊ မြေပြန့်လမ်းကို ၂၄ပေ ကတ္တရာအဆင့် ဖြစ်အောင်ပြုပြင် ဖောက်လုပ်လျက်ရှိသည်။ ယင်းခရီးမှာ လက်ရှိတွင် ယာဉ်ငယ် ၂ ရက်ခရီးနှင့် ကုန်တင်ယာဉ် ၃–၄ ရက်ခရီးနှင့် ရောက်ရှိသည့်အထိ တိုးတက်မှုရှိလာခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သဖြင့် အောင်ပန်းနှင့် နန့်ဆန်ကဲ့သို့ မြို့ငယ်များမှာ ဈေးကွက်အချက်အချာကျသည့် မြို့ကြီးများဖြစ်လာခဲ့ပါသည်။ တောင်ကြီးမြို့သည်ပင် တောင်ပေါ်မြို့နှင့် အေးသာယာမှ ညောင်ရွှေအထိလည်းကောင်း၊ ဟိုပုန်းမြို့အထိလည်းကောင်း ဆက်စပ်နိုင်သည့်အထိ ဖွံ့ဖြိုးလာသည်ကို တွေ့ရပါသည်။ တာချီလိတ်-ကျိုင်းတုံ ၁၀၂ မိုင် လမ်းပိုင်းမှာ ဟုန်ပန်းကုမ္ပဏီက ဖောက်လုပ်ထား၍ လေးလမ်းသွား ကတ္တရာလမ်းမကြီး ဖြစ်လာခဲ့ပါသည်။

 ယင်းလမ်းမကြီးပေါ်တွင် စက်မှုလုပ်ငန်းများအဖြစ် စက်မှုလုပ်ငန်း ၆၀၀ကျော်ရှိသည့် အေးသာယာစက်မှုဇုန်၊ ဟိုပုန်းမြို့နယ် ပင်းပက်တွင် သံမဏိစက်ရုံ၊ တန် ၁,၀၀၀ ကျ ဘိလပ်မြေစက်ရုံ နှင့် သတ္တုလုပ်ငန်းများလည်းရှိခဲ့ပါသည်။

 

Local News Read 2198 times