ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့ (Egat) ၏ အဖွဲ့ခွဲဖြစ်သော Egat အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ (EGATi) သည် မြန်မာနိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့သုံး အသေးစားဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားဖို့ စီစဉ်လျက်ရှိသည်။
ယင်းထိုင်းကုမ္ပဏီသည် လက်ရှိအချိန်တွင် ၅ မှ ၁၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်သော အသေးစားဓာတ်အားပေး စက်ရုံများတည်ဆောက်သွားဖို့ နေရာအကြမ်းဖျင်း ၁၀ နေရာခန့်သတ်မှတ်ထားပြီး ဓာတ်အားပေးစက်ရုံတစ်ရုံ လျှင် အမေရိကန်ဒေါ်လာ ၃ သန်းမှ ၆ သန်းအထိ အကုန်အကျခံကာ ရင်းနှီးမြှုပ်နှံသွားဖို့ မျှော်မှန်းထားသည်။
ပရိုပိန်း သို့မဟုတ် ဗြူတိန်းဟုခေါ်ဝေါ်သော Liquefied petroleum gas (LPG) သည် မြန်မာနိုင်ငံ၏ ဓာတ်အားပေးစနစ်အတွင်း အဓိကလောင်စာတစ်ရပ်ဖြစ်လာဖို့လည်း မျှော်မှန်းထားကြသည်။
ယင်းကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဝပ်ချာရာဟမ်ရက်ချ်တနွန်က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ အာဏာပိုင်များ၊ မူဝါဒ ရေးဆွဲသူများနှင့် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာပြုလုပ်သွားဖို့ရှိတဲ့ ကျနော်တို့ရဲ့စီမံကိန်းတွေနဲ့ပက်သက်လို့ မကြာခင်မှာပဲ အပြီးသတ် လုပ်ဆောင်နိုင်တော့မယ်လို့ ကျနော်တို့မျှော်မှန်းထားပါတယ်။ ကျနော်တို့ဟာ အိမ်ထောင်စုများအတွက် လျှပ်စစ်ဓာတ်အားရောင်းချသွားဖို့ ရည်ရွယ်ထားပြီး ဒေသတွင်း ပြည်နယ်အစိုးရအဖွဲ့တွေထံမှတဆင့် ဖြန့်ဖြူး သွားမှာဖြစ်ပါတယ်”ဟု သူက ဆိုခဲ့သည်။
ဒါ့အပြင် မစ္စတာဝပ်ချာရာက EGATi ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် အကျိုးရှိမည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်သည် ဒီဇယ်နှင့်လည်ပတ်သော လျှပ်စစ်မီးစက်ကြီးများအပေါ် အဓိကမှီခိုနေရသောကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဈေးကြီးပေး၍ သုံးစွဲနေရသည်ဟု ဆိုခဲ့သည်။
ထိုင်းနိုင်ငံမှ ဓာတ်အားသုံးစွဲသူများသည် kilowatt-hour တစ်ခုလျှင် ၃ ဘတ်မှ ၅ ဘတ်အထိသာ ပေးချေရပြီး လျှပ်စစ်ဓာတ်အားပေးစနစ်၏ ၆၀ ရာခိုင်နှုန်းခန့်ကို သဘာဝဓာတ်ငွေ့နှင့် လည်ပတ်သုံးစွဲနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီခိုင်က ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် မြန်မာနိုင်ငံ၏ဓာတ်အား ထုတ်လုပ်နိုင်မှုထက် ပိုမိုကျော်လွန်နေသည့် အတွက် အခက်တွေ့နေရသည်ဟု ဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်သည် ၄၅၃၁ မီဂါဝပ်အထိရှိနေပြီး ထုတ်လုပ်နိုင်စွမ်းမှာ ၃၃၆၀ မီဂါဝပ်သာရှိကြောင်း သိရသည်။
“ စီးပွားရေးနဲ့ လူဦးရေတိုးတက်လာမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ ၂၀၂၅ ခုနှစ်ကျရင် ၈၁၂၁ မီဂါဝပ်အထိ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အာဏာပိုင်များနဲ့ မူဝါဒရေးဆွဲ သူများအနေနဲ့ ဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက်ဖို့ မစီစဉ်ဘူးဆိုရင် ဓာတ်အားထုတ်လုပ်နိုင်စွမ်းဟာ ပြောင်းလဲမသွားပဲ ရပ်တန့်နေဦးမှာဖြစ်ပါတယ်” ဟု ဒေါ်မီမီခိုင်က ပြောခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ရှိထိုင်းသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့တို့သည် Myanmar Insight 2018 ခေါင်းစဉ်ဖြင့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ် မကြာခင်ကကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံသည် ရေနံရှာဖွေရေးနှင့် ဓာတ်အားပေးစနစ် နယ်ပယ်တို့တွင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် အာဏာပိုင်များထံမှ အကူအညီလိုအပ်နေကြောင်း သိရသည်။
EGATi ကုမ္ပဏီသည် ၂၀၀၇ ခုနှစ်မှစတင်ပြီး နိုင်ငံရပ်ခြား၌ ဓာတ်အားပေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားဖို့ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီသည် ထိုင်းနိုင်ငံနယ်စပ်အနီး ကရင်ပြည်နယ်ရှိ ဟတ်ကြီးဆည် တည်ဆောက်ရေးစီမံကိန်းနှင့်ပက်သက်၍ ဆောင်ရွက်နိုင်ဖွယ်ရှိသော အရာများအတွက် လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ဖူးသော်လည်း သံလွင်မြစ်အနီး၌ နေထိုင်ကြသော ဒေသခံရွာသားများထံမှ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
Ref: Bangkok Post