လာမည့် ၂၀၂၄ ခုနှစ်တွင် အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထား


13 May, 2019

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄.၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ဝ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း( ၁၁ ) ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဉ္စမအကြိမ်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးမှာ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက်ဆောင်ရွက်နေပါတယ်” လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာ အသင်းဝင် ( ၅၀၀ ) ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရပါတယ်။

အထည်ချုပ်လုပ်ငန်းက လုပ်သားအရင်းပြု ( Labour Intensive ) စက်မှုလုပ်ငန်းဖြစ်တဲ့အပြင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ရှိရေးအတွက် အဓိကအခြေခံလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်တဲ့ CMP အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ဖို့ သင်တန်းကျောင်းထူထောင်ပြီး အဆင့်မြင့်နည်းပညာများ ရယူကာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ILO နဲ့ပူးပေါင်းပြီး အလုပ်သမားရေးရာအရာရှိတစ်ဦးအား Labour Law နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်သည်များကို သင်တန်းအပတ်စဉ်တိုင်း ဟောပြောပို့ချခြင်း၊ အသင်းဝင် အထည်ချုပ်စက်ရုံများအတွင်းတွင်လည်း အလုပ်ရှင် ၊ အလုပ်သမားအရေးကို ကူညီဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကျွမ်းကျင်လုပ်သမားများ စဉ်ဆက်မပြတ်ရရှိရန်နဲ့ နည်းဥပဒေများ ဖြန့်ဖြူးပေးနိုင်ရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ထားသည့်အတိုင်း ရှေးရှုဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHHRIX ) အနေဖြင့် လက်ရှိအချိန်အထိ သင်တန်းအမျိုးအစား ၁၂ မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒီ CMP လုပ်ငန်းက အမျိုးသမီးငါးသိန်းခန့်ပါဝင်တဲ့ အသက်မွေးဝမ်းကျောင်းကို ဖန်တီးပေးထားနိုင်ပြီး ဒေါ်လာလေးဘီလျံကျော်ရှိတဲ့ ထုတ်ကုန်တွေကို တင်ပို့ရောင်းချနိုင်တာမို့ ကုန်သွယ်မှုကဏ္ဍ ၊ အလုပ်အကိုင်ရရှိမှုနဲ့ မြန်မာနိုင်ငံရဲ့ GDP ကို များစွာအထောက်အကူ ပြုလျက်ရှိပါတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Daily Eleven

Export, Import Read 412 times