စိန်ခေါ်မှုလေးတွေကို ဘယ်လိုဖြေရှင်းမလဲ


16 January, 2019

၂၀၁၉ ခုနှစ်မှာတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေက ၂၀၁၈ ခုနှစ်လို ပုံစံမျိုးပဲရှိပါတယ်။ ဒါလေးတွေကို ကျော်လွှားနိုင်အောင်လို့ ၂၀၁၈ ခုနှစ်ရဲ့ စိန်ခေါ်မှုတွေကို သိထားဖို့လိုသလို၊ သင်ခန်းစာတွေကိုလည်း ယူပြီးတော့၂၀၁၉ မှာလာမယ့် စိန်ခေါ်မှုလေးတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုပြီးတော့တွက်ချက်ထားဖို့ လိုပါတယ်။ ဘာကိုလုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာတော့ ကြိုတင်စဉ်းစားထားပြီးတော့ လုပ်သင့်တယ်။

ကမ္ဘာမှာ မြန်မာနိုင်ငံဟာ အရင်လို အထီးကျန်လို့ မဟုတ်ဘဲနဲ့ ကမ္ဘာနဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လုပ်ကိုင်နေတဲ့အတွက် ပြောင်းလဲနေတဲ့ ဟာတွေကို သေသေချာချာ စဉ်းစားဖို့လိုပါတယ်။ နိုင်ငံရေး စီးပွားရေးက ချိတ်ဆက်နေတယ်။ ဒါလေးတွေကို ပြင်ဆင်ထားဖို့ လိုတယ်။ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကမ္ဘာ့ငွေရေးကြေးရေးမှာလည်း အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတင်လိုက်တဲ့အတွက် တက်သစ်စ ဈေးကွက်တွေ ဖြစ်တဲ့ အာဂျင်တီးနားတို့၊ တောင်အာဖရိကတို့ အိန္ဒိယတို့ သီရိလင်္ကာတို့က အစစအရာရာရိုက်ခတ်မှုတွေ ရှိပြီးတော့ သူတို့ရဲ့ ငွေရေးကြေးရေး တန်ဖိုး ကျဆင်း သွားတာတွေ ရှိပါတယ်။ ဒါဟာ အခြေခံကောင်း မရှိတဲ့အတွက် ဒီအတက်အကျ ကြမ်းတာကို ခံနိုင်ရည်ကောင်း မရှိပါဘူး။ အထူးသဖြင့် ပြည်သူတွေပေါ့နော်။ ဒါကို ခံနိုင်စွမ်းမရှိတဲ့အတွက် ဒါလေးတွေကို သတိထားဖို့ လိုပါတယ်။

အနောက်နိုင်ငံက နှာချေလိုက်ပြီဆို မြန်မာနိုင်ငံက ဖျားနေပြီလို့ ခဏခဏ ပြောပါတယ်။ တင်းမာနေတဲ့ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စည်းကြပ်မှုတွေကလည်း အပြောင်းလဲတွေ ရှိလာနိုင်တယ်။ အခုကတော့ ဆွေးနွေးတုန်း ရှိပါသေးတယ်။ ဒါလေးတွေက ကိုယ့်ကို ဂယက် ရိုက်နိုင်လား ဆိုတာ ထည့်သွင်းပြီး တွေးခေါ် စဉ်းစားဖို့ အများကြီး လိုပါတယ်။ ဒါက မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ ဒေသတွင်း နိုင်ငံတွေလည်း စတင် ပြင်ဆင်နေတာ ရှိပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာကတော့ အခုက အောက်ကို နည်းနည်း ရောက်နေပြီးတော့ နှေးကွေးနေတဲ့ ဟာ လေးတွေ ရှိပါတယ်။ ဒါကို အားလုံးက ဝိုင်းဝန်းပြီးတော့ စီးပွားရေးကို ဆွဲတင်ဖို့ ပိုလိုပါတယ်။ တော်တော်များများက ၂၀၁၈ ခုနှစ်မှာ စီးပွားရေး နှေးကွေးတယ်။ စီးပွားရေး တန့်နေတယ်။ တချို့က ကျသွားတယ်တောင် ပြောပါတယ်။ ဒါလေးတွေကို သတိချပ်ပြီးတော့ လုပ်ဖို့လိုပါတယ်။ အဓိကတော့ ငွေရေးကြေးရေးမှာ ဝင်ငွေ၊ ထွက်ငွေ မမျှတာလေးတွေရှိတယ်။

ဝင်ငွေ ထွက်ငွေ မျှအောင်လို့ အသုံးစရိတ်က အစစိစစ်ဖို့လည်း လိုပါတယ်။ နိုင်ငံပိုင် တချို့ ရှုံးနေတဲ့ လုပ်ငန်းလေးတွေကို အခွန်ငွေ ဘယ်လိုရအောင်လုပ်မလဲ။ အယိုအဖိတ်တွေ ကာမိအောင် ဘယ်လို လုပ်မလဲဆိုတာ ထိန်းသိမ်းရေးနဲ့ တွန်း အားလေး ပေးဖို့လိုပါတယ်။လုပ်ငန်း ပရောဂျက်တွေကို ချပေးတာ၊ တကယ် အကျိုးအမြတ်ရှိမယ့် လုပ်ငန်းတွေကိုလည်း ဖော်ဆောင်ဖို့ တိုးချဲ့လာဖို့ တွေ လိုပါတယ်။ အခြေခံ အဆောက်အအုံတွေ တိုးတက်လာအောင်၊ အလုပ်ကိုင် အခွင့်အလမ်းတွေ တိုးတက်လာအောင် နိုင်ငံတော် အနေနဲ့ လုပ်ပြီးတော့ လုပ်ငန်းရှင်နဲ့ အစိုးရ စကားပြောတာတို့ ပူးပေါင်း ဆောင်ရွက်တာတို့ လုပ်ပြီးတော့ လုပ်ငန်း သစ်တွေကို ဆောင်ရွက်တာ၊ အလုပ်အကိုင်သစ် ရရှိရေးတွေကို ဆောင်ရွက်တာ လုပ်သင့်ပါတယ်။

ရွေးကောက်ပွဲနဲ့ နီးလာတဲ့ အတွက် နိုင်ငံတော်ကလည်း လုပ်ပြဖို့ လိုလာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အနေနဲ့က အိမ် အိုကြီးကို ပြုပြင်ပြောင်းလဲ နေရတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက် လုပ်ရကိုင်ရတာ တော်တော်လေး ခက်ပါတယ်။ ဒါ့ပြင် လူ တွေရဲ့ တွေးခေါ်ပုံ၊ နေထိုင်မှုတို့က တော်တော်လေးကို လုပ်ဖို့ လိုပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် ဒေသ တွင်းမှာ အောက်ဆုံး ရောက်နေတာကို အပေါ်ကို ဆွဲတင်နိုင်ဖို့ အတွက်ကို အားလုံးက တာဝန်ရှိစိတ်ရှိရှိနဲ့ ဝိုင်းဝန်းပြီး တော့ ကျောချင်းကပ် လုပ်ဆောင်ဖို့ လိုပါတယ်။အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေးရမှ တိုးတက်နိုင်ပါတယ်။ ဘယ်နိုင်ငံ မဆိုပါ။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ရ အောင် အားလုံးက အသိရှိရှိ ပြုပြင် ပြောင်းလဲ၍ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ဖို့လည်း လိုပါတယ်။

GDP အချိုးတွေကို ကြည့်ပြီးတော့ နိုင်ငံတိုင်းမှာ ဘဏ်တို့ ဘာတို့ကနေ ချေးပြီးတော့ တိုင်းပြည် တပြည်ရဲ့ အခြေခံ အဆောက်အအုံကို တည်ဆောက်သွားတယ်။ မြှင့်တင် သွားတာတွေ ရှိပါတယ်။ ဒါကြောင့် အဂတိ ကင်းရှင်းစွာ လုပ်မယ် ဆိုရင် ရဲရဲဝင့်ဝင့်နဲ့ ဖော်ဆောင်ဖို့ လိုပါတယ်။ ဒါတွေက မက်ခရို စီးပွားရေးမှာ ကျင့်သုံးပြီးတော့ အားလုံးက သတိချပ်ဖို့ လိုပါတယ်။Ease of Doing Business ဆိုတာ ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှုကို ဖော်ဆောင်တဲ့ နေရာမှာ လျှပ်စစ်မီး မရှိလို့ မရပါဘူး။ လျှပ်စစ်မီး ရှိဖို့ လိုပါတယ်။ ဒါကိုလည်း ရဲရဲဝံ့ဝံ့နဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လျှပ်စစ်မီး ရရှိနိုင်ဖို့ ဘယ်နည်းလမ်းနဲ့ ဖော် ဆောင်မလဲ ဆိုတာ သူတို့ ပြတ်ပြတ်သားသား လုပ်ဖို့ လိုပါတယ်။

နောက်ပြီးတော့ လျှပ်စစ် မီတာခတွေကို တိုင်းပြည်က ကျခံနေရတယ် ဆိုတာလည်း ဒါကို ရှဉ့်လည်း လျှောက်သာ ပျား လည်းစွဲသာ ဖြစ်အောင် သတ္တိရှိရှိ လုပ်ဖို့ လိုပါတယ်။ နောက်တချက်က မြန်မာနိုင်ငံမှာ ကျွမ်းကျင် လုပ်သား ရှားပါးမှု ကိုလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ ဖော်ဆောင်ဖို့လည်း ပညာရေးမှာလည်း ရင်းနှီးမြှုပ်နှံပေးဖို့ လိုပါတယ်။၂၀၁၈ ခုနှစ်မှာ UMFCCI ကိုတော့ နိုင်ငံ ပေါင်းစုံက လာပါတယ်။ တော်တော်လေး ဝမ်းသာစရာလည်း ကောင်းပါတယ်။ အနောက်နိုင်ငံတွေကလည်း လာပါတယ်။ အခုနှစ်မှာလည်း ဆက်လက် လာဖို့ ရှိပါတယ်။ ကိုယ်သာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်အောင်၊ လျှပ်စစ်မီးတွေ ရရှိအောင်၊ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းအောင်၊ ရှိခဲ့တဲ့အလုပ်သမား ပြဿနာတွေ ဘာတွေကိုလည်း ရှင်းပြီးတော့ တစိုက်မတ်မတ်နဲ့ ဥပဒေဘောင် အတွင်းက လုပ်ဆောင် သွားနိုင်မယ် ဆိုရင် မြန်မာနိုင်ငံက ဒီထက် မတိုးတက် နိုင်စရာ အကြောင်း မရှိပါဘူး။

 ဒါ့အပြင် ငွေရေးကြေးရေး ဒေါ်လာနဲ့ ပတ်သက်တာ အတက်အကျ ဖြစ်ဖို့ ဟာကလည်း အမေရိကန်ရဲ့ ဗဟိုဘဏ်က ဖက်ဒရယ်ရလဒ်က အခုနှစ်မှာ ၂ ကြိမ်လောက် အတိုးနှုန်းကို တင်နိုင်စရာ အကြောင်းလေး ရှိပါတယ်။ ဒေါ်လာ ဈေး ကြောင့် ကျပ်ငွေ တန်ဖိုးမကျအောင် ရိုက်ခတ်မှု မရှိနိုင်အောင် ကြိုတင် ပြင်ဆင်ထားဖို့ အများကြီး လိုပါတယ်။ ရေနံဈေးကို အထိုက်အလျှောက် အတက်အကျ ခံနိုင်ရည် ရှိအောင်တော့ မြန်မာနိုင်ငံက အမျိုးမျိုး လက်တွေ့ကျကျ ပြင်ဆင်ထားဖို့ လိုတယ်။ ရေနံဈေး အတက်အကျ များခဲ့ရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာလည်း ထိခိုက်နိုင်သလို မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုအတွက်ကိုလည်း ရိုက်ခတ်နိုင်တဲ့အတွက် အစစအရာရာကိုတော့ တွေးတောပြင်ဆင်ပြီးတော့ ကြိုတင်ချမှတ် ထားသင့်တယ်လို့ ထင်ပါတယ်။

အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အရေးကြီးပါတယ်။ ဘယ်နိုင်ငံမှ မငြိမ်းချမ်းဘဲနဲ့ တိုင်းပြည် တိုးတက်မှု မရှိနိုင်ပါ ဘူး။ မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံများရဲ့ စီးပွားရေးအရရော၊ လူသား အရင်းမြစ် ဖွံ့ဖြိုးရေး အရရော၊ လူမှုရေးအရရော နိမ့်ကျနေတဲ့ အခြေအနေကနေ ပြန်လည် ဦးမော့လာအောင် ငြိမ်းချမ်းရေးမှာလည်း အာရုံ စူးစိုက်ပြီး ဝိုင်းလုပ်ကြဖို့၊ ပညာ ရေးမှာရော ရင်းနှီးမြှုပ်နှံပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာ အလုပ်အကိုင် အခွင့်လမ်းများများ ရရှိနိုင်အောင် ဝိုင်ဝန်း ကြိုးစားသင့်တယ်လို့ ထင်တယ်။ နောက်မို့ဆိုရင် ပြည်ပကိုသွားပြီးတော့ အလုပ်အကိုင်ရှာနေရတဲ့ အဖြစ်ဆိုးကို မရောက်စေချင်ပါဘူး။ ဒါကြောင့်မို့ အားလုံးကတော့ ဘက်စုံ တိုင်းပြည် တိုးတက်အောင်လို့ ဝိုင်းဝန်းလုပ်ကြဖို့လိုပါတယ်။

ဧရာဝတီ

Tips Read 637 times