၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်း ဆက်လက်ကောင်းမွန်နိုင်


13 July, 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဆက်လက်ကောင်းမွန်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါသည်။

မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် ကမ္ဘာဘဏ် တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်နိုင်ရန် အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်နှင့် ဇူလိုင်လ ၁၂ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်နိုင်ရန် အရေးပါသည့် လတ်တလော လုပ်ဆောင်ရမည့် ပြောင်းလဲမှုများကို တွန်းအားပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အဓိက အခြေခံ၍ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ယခုပြုလုပ်မည့် အခမ်းအနားသည် ၂၀၁၈ ခုနှစ် မေလက ထုတ်ဝေခဲ့သည့် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ - မရေရာမှုများကြားမှ ဖွံ့ဖြိုးတိုးတက်လာသော မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ဖော်ပြထားသည့် မူဝါဒရေးရာ အကြံပြုချက်များကို အခြေခံကာ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

အစီအရင်ခံစာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဆက်လက်ကောင်းမွန်နေမည့်ဖြစ်ကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုများလည်းရှိနေမည်ဖြစ်ပြီး ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်စည်ဈေးနှုန်း မတည်ငြိမ်မှုတို့သည်လည်း သတိပြုရမည့် ကိစ္စရပ်များသာဖြစ်ကြောင်း သိရပါသည်။

Eleven

Local News Read 1191 times