မြန်မာ-ဂျာမနီ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဘီလီယံကျော်ရှိ


27 February, 2019

မြန်မာ- ဂျာမနီ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့ကြောင်း ဂျာမနီသံရုံးမှ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကုန်သွယ်မှုတွင် မြန်မာမှ ဂျာမနီနိုင်ငံသို့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၄၅ မီလီယံ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဘက်မှ အဓိကအားဖြင့် အထည်အလိပ်၊ ကျောက်မျက်ရတနာနဲ့ ဆန်စပါးကို တင်သွင်းပြီး ဂျာမနီဘက်မှ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများနဲ့ ဓာတ်ပုံပညာရပ်ဆိုင်ရာ ထုတ်ကုန်များကို တင်ပို့ပါတယ်။

လက်ရှိမှာ ဂျာမနီနိုင်ငံဟာ အီးယူနိုင်ငံများအနက် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ဖြစ်နေပြီး၂၀၁၄ခုနှစ်မှ စတင်၍ ဂျာမနီ - မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

 အထူးသဖြင့် မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃ မီလီယံဖြင့် သိသိသာသာ မြင့်တက်လာခဲ့ပြီး ဂျာမနီနိုင်ငံမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၁ မီလီယံဖြင့် အနည်းငယ်တိုးတက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

အဆိုပါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို ဂျာမနီနိုင်ငံ၊ စာရင်းအင်းဌာန ဝက်ဘ်ဆိုက် www.destatis.de သို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။

mizzima

Export, Import Read 433 times