တရုတ်နိုင်ငံကို ကုန်စည်ဖလှယ်မှုစနစ်နဲ့ ဆန်ကို ဦးစားပေးတင်ပို့မည်


29 April, 2019

မြန်မာနိုင်ငံအနေနဲ့ ဆန်ကို အဓိကဦးစားပေးကာ ကုန်စည်ဖလှယ်မှုစနစ် (Barter System) နဲ့ တရုတ်နိုင်ငံကို တင်ပို့တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ကုန်ဖလှယ်မှုစနစ် (Barter System) နဲ့ ကုန်သွယ်မှုပြုလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနနဲ့ ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရတို့ လက်မှတ်ရေးထိုးပြီးစီးပြီ ဖြစ်ပါတယ်။

ဦးရဲမင်းအောင်က မန္တလေးနဲ့ မူဆယ်မှာ သောင်တင်နေတဲ့ ဆန်တွေကို တင်ပို့မှာ ဖြစ်လို့ အခုလို ဆန်ကို ဦးစားပေး တင်ပို့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒီကုန်သွယ်မှုကို ပြုလုပ်ဖို့ တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုနဲ့ မြန်မာနိုင်ငံဘက်မှ UMFCCI ရဲ့လယ်ယာ၊ မွေးမြူ၊ ရေလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တင်ပို့လိုက်တဲ့ လယ်ယာထွက်ကုန်များ အထူးသဖြင့် ဆန်ကို ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ စတဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ကုန်သွယ်ဖို့ မျှော်မှန်းထားပါတယ်။

တရုတ်နိုင်ငံမှ အာဏာပိုင်များက နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုကို ပိတ်ပင်ထားတဲ့အတွက် ကုန်စည်ဖလှယ်စနစ်နဲ့ ဆန်တင်ပို့မှုကို တရားဝင်ဖြစ်ဖို့ မြန်မာနိုင်ငံမှ ရည်ရွယ်ထားပါတယ်။

ဒါ့ပြင် တရုတ်အာဏာပိုင်တွေမှ မြန်မာ့ဆန်တင်ပို့မှုကို နှိမ်နင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံမှ ဆန်တင်ပို့သူတွေအနေနဲ့ လအတော်ကြာတဲ့အထိ တရုတ်နိုင်ငံကို ဆန်မတင်ပို့နိုင်ခဲ့ပါဘူး။

ဦးရဲမင်းအောင်က ဒီကုန်စည်ဖလှယ်မှုစနစ်ဟာ ဆန်တင်ပို့မှုကို ပြန်လည်အသက်ဝင်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အရင် ပုံမှန်နယ်စပ်ကုန်သွယ်ရေးနဲ့ တင်ပို့ခဲ့တဲ့ ပျှမ်းမျှပမာဏ ဆန်တန်ချိန် တစ်သန်းနီးပါးတော့ တင်ပို့ဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ပြောပါတယ်။

Ref: AMIA

Export, Import Read 2349 times