မြန်မာ့စီးပွားရေးသည် အနိမ့်မှစခဲ့ရသဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ဆက်လက်တိုးတက်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) ၏ ၂၀၁၈ White Book ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်များတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၅ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည့်အတွက် စီးပွားရေးအဆောက်အအုံမှာ သင့်တင့်သည့် အရှိန်ဖြင့်တိုးတက်လျှက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရသိရပါတယ်။
မန္တလေးမှ တရုတ်နယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ရေးနှင့် စစ်ကိုင်းတိုင်း တောင်ပိုင်းခြမ်းမှ အိန္ဒိယနယ်စပ်အထိ ဖောက်လုပ်မည့် စီမံကိန်းများ ရာနှုန်းပြည့် ပြီးစီးပါက မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်အထိကို ကြားခံချိတ်ဆက်ပေးနိုင်မည့် နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အာဆီယံ၏ စီးပွားရေးဗဟိုချက် ဖြစ်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar) ၏ ၂၀၁၈ White Book ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်များတွင် ဖော်ပြထားသည်။ပြီးခဲ့သည့် နှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်မှုများရှိလာသည့်တိုင် မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍတွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အဓိက စီမံကိန်းကြီး အများအပြားစတင်မည်ဖြစ်ရာ မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်တွင် သိသိသာသာ စတင်တိုးတက်လာခြင်းကို တွေ့မြင်ရကြောင်း ဖော်ပြထားခဲ့ပါတယ်။
အထည်ချုပ်ပို့ကုန် မြင့်တက်လာခြင်း နှင့် သွင်းကုန်တိုးတက်မှုပမာဏ နှေးကွေးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေပြမှု လျော့ကျလာကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေမှာ ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃ဒသမ၅ ဘီလျံ) ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ) သို့ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်များ လျင်မြန်စွာ တိုးတက်လာသည့်အတွက် စုစုပေါင်း ပို့ကုန်ပမာဏသည် ဂျီဒီပီ၏ ၁၆ ဒသမ ၈ ရာခိုင်နှုန်း မှ ၂၀ ဒသမ၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ ၏ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ တုန့်ဆိုင်းသွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သွင်းကုန်ပမာဏသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခြောက်ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း လောင်စာဆီဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် ရေနံလောင်စာဆီ တင်သွင်းမှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၃ ရာခိုင်နှုန်းအထိ တိုးတက်လာသဖြင့် ပြည်တွင်း ပို့ကုန်ပမာဏသည်လည်း တူညီသောကာလအတွင်း အနည်းငယ်တိုးမြင့်လာခဲ့ပါတယ်။
Eleven