မြန်မာနိုင်ငံနှင့် ငွေကြေးဖောင်းပွမှု ပြဿနာ


27 February, 2018

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိရှိပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွက် နှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းသည် ခုနှစ်ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိမည်ဟု ADB မှ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ၍ လုပ်ခလစာများ မြင့်တက်လာသော်လည်း ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်များသည် အရှေ့တောင်အာရှဒေသ၏ ၂၀၁၇၊ ၂၀၁၈ ခုနှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဖြစ်သည့် ၃ ဒသမ ၁ ရာခိုင်နှုန်းထက် သိသိသာသာများနေခဲ့ကြောင်း သိရပါသည်။

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ အခြားသောနိုင်ငံများထက် ပိုနေပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်တွင် သုံးရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုနိုင်ငံမှာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း စသည်ဖြင့် ရှိနေကြောင်း သိရပါသည်။

စင်ကာပူနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် တစ်ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိနေမည်ဖြစ်ကြောင်း ADB မှ ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းများအဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး နိုဝင်ဘာနှင့်နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည် ကျဆင်းခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်များအရ သိရပါသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံစနစ်ဖြင့် စားသုံးသူစျေးနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း ရခိုင်ပြည်နယ်တွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၆ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မန္တလေးမြို့တွင် ၆ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရပါသည်။

Local News Read 1994 times