အာမခံဈေးကွက်၏ ထိပ်တန်းတွင်ရပ်တည်နေသော မြန်မာ့အာမခံလုပ်ငန်း


22 June, 2018

နှစ်ပေါင်း ၆၆ နှစ် ကျော်လာပြီဖြစ်သော မြန်မာ့အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံ၏အာမခံဈေးကွက်တွင် ဝင်ငွေအမြင့်ဆုံး၌ ရပ်တည်နေကြောင်း၊ ပြည်သူများ၏ယုံကြည်မှုကို ရရှိနေပြီဖြစ်ကြောင်းသိရပါသည်။

မြန်မာ့အာမခံလုပ်ငန်းရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းတွေရဲ့ ဈေးကွက်ဝင်ငွေအားလုံးနဲ့နှိုင်းယှဉ်ပါက ထက်ဝက်ခန့်ရှိတဲ့ငွေပမာဏသည် မြန်မာ့အာမခံလုပ်ငန်းမှရရှိနေပြီး နှစ်အလိုက်လည်း အာမခံဝင်ငွေက တိုးပွားနေကြောင်း၊ ဒါတွေဟာလည်း ပြည်သူများယုံကြည်စိတ်ချရမှသာ ဘယ်အာမခံလုပ်ငန်းမဆို အောင်မြင်၊ ရှင်သန်ရပ်တည်နိုင်မှာဖြစ်သလို အာမခံဝန်ဆောင်မှုတွေကိုလည်းဝယ်ယူကြမှာဖြစ်ကြောင်း၊ လုပ်ငန်းတွေရဲ့ လုပ်ထုံးလုပ်နည်းပြောင်းလဲမှုတွေမှာ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ကြိုးစားဆောင်ရွက်နေကြောင်း မြန်မာ့အာမခံလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏ အာမခံဝန်ဆောင်မှုသည် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုအပါအဝင် စုစုပေါင်း အာမခံလုပ်ငန်း ၁၂ ခု ရှိကြောင်း သိရသည်။

အာမခံဈေးကွက်၏ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဈေးကွက်ဝင်ငွေစုစုပေါင်းသည် ကျပ်ဘီလီယံ ၁၁၀ ကျော် ရရှိသည့်နှစ်တွင် မြန်မာ့အာမခံ ၏ဝင်ငွေသည် ကျပ် ၅၆ ဘီလီယံရရှိသောကြောင့် မြန်မာနိုင်ငံအာမခံဈေးကွက်၏ ရာခိုင်နှုန်း ၅၀ ကျော်ကို မြန်မာ့အာမခံလုပ်ငန်းက ရှာဖွေနိုင်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။

ထို့ပြင် မြန်မာ့အာမခံလုပ်ငန်းမှ နှစ်စဉ် ဝင်ငွေရရှိမှု တိုးပွားလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့အာမခံလုပ်ငန်းမှ အာမခံထားရှိငွေ ကျပ် ၆၁ ဘီလီယံကျော်ရရှိခဲ့ပြီး ပြီးခဲ့သော နှစ်က ငွေကျပ် ၅၂ ဘီလီယံခန့်ရှိကြောင်း သိရသည်။

ထိုကြောင့် တစ်နှစ်ထက်တစ်နှစ် အာမခံဝင်ငွေထားရှိမှုသည် ငွေကျပ် ၁၀ ဘီလီယံကျော်အထိ တိုးလာကြောင်းသိရသည်။

ယခုအခါတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ များအနေဖြင့် အာမခံလုပ်ခွင့်အမျိုးအစား ၁၅ ခုကို အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(PRD) မှခွင့်ပြုထားပြီး မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစား ၂၉ မျိုးကိုဆောင်ရွက်ပေးနေကြောင်းသိရသည်။

မြန်မာ့အာမခံလုပ်ငန်းမှာ ယခုအခါတွင်ရပ်တည်ဆောင်ရွက်လာမှုသည် နှစ်ပေါင်း ၆၆ နှစ် ကျော်လာပြီဖြစ်ကြောင်း သိရသည်။

Local News Read 511 times