Ease of Doing Business in Myanmar 2019 ရဲ့ အစီရင်ခံစာအရ စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ အာဆီယံ (၁၀) နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။
Doing Business အစီရင်ခံစာဆိုတာ နိုင်ငံပေါင်း ၁၉၀ မှာရှိတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေလွယ်ကူမှုကို တိုင်းတာဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနဲ့ ရင်းနှီးမြှုပ်နှံသူများက အမြဲစောင့်ကြည့် လေ့လာဖတ်ရှုတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။
အဆိုပါ Doing Business အစီရင်ခံစာကို ကမ္ဘာ့ဘဏ် ( World Bank ) မှ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်လေ့ရှိပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအစီရင်ခံစာကို ၂၀၀၃ ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ်မှ စတင်ကာ Doing Business အစီရင်ခံစာမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာအရ စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ အာဆီယံနိုင်ငံတွေထဲမှာဆိုရင် စင်ကာပူက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒုတိယအနေနဲ့ မလေးရှား၊ တတိယက ထိုင်းနဲ့ သူ့နောက်မှာတော့ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ နယူးဇီလန်နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပြီး အာဆီယံနိုင်ငံတွေကြားမှာ ထိပ်ဆုံးဖြစ်နေတဲ့ စင်ကာပူကတော့ ဒုတိယအနေနဲ့ ရှိနေပါတယ်။ စင်ကာပူနောက်မှာက ဒိန်းမတ်၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျော်ဂျီးယားနဲ့ နော်ဝေနိုင်ငံတို့က အစဉ်လိုက် ရှိနေပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်က နိုင်ငံပေါင်း ၁၈၉ မှာ အဆင့် ၁၈၂၊ ၂၀၁၅ ခုနှစ်က အဆင့် ၁၇၇၊ ၂၀၁၆ ခုနှစ်က အဆင့် ၁၇၁၊ ၂၀၁၇ ခုနှစ်က အဆင့် ၁၇၀၊ ၂၀၁၈ နဲ့ ၂၀၁၉ မှာတော့ အဆင့် ၁၇၁ မှာ ရပ်တည်နေပါတယ်။
ဆက်လက်လုပ်ဆောင်သွားမယ့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရ လာမယ့် ၂၀၂၀ - ၂၀၂၁ ခုနှစ်ရောက်ရင် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူတဲ့ ထိပ်ဆုံးနိုင်ငံ ( ၁၀၀ ) ရဲ့ စာရင်းမှာ ပါဝင်ရမယ်လို့ မျှော်မှန်းထားပါတယ်။
World Bank