မြန်မာ့စီးပွားရေး အချိန်မီပါသေးတယ်


03 December, 2018

“တောင်ပြိုတယ်ဆိုတာ တောင်ကြီးတစ်ခုပဲ ပြိုသွားတာမဟုတ်ဘူး။ တောင်ပြိုစာတွေကပါ ပတ်ဝန်းကျင်ကို ပိစေတာ။”ဒီပုံစံအတိုင်းပဲဆက်သွားပြီး ဘာမှပြုပြင်ပြောင်းလဲမှုမလုပ်ပဲနေရင် မြန်မာ့စီးပွားရေးဟာ ဆိုးဆိုးရွားရွားကို ဖြစ်လာမယ်ဆိုတာဘအေးခဏ ခဏပြောခဲ့ပါတယ်။ သတိတွေလည်းပေးခဲ့ပါတယ်။ အခုတော့ပြောတဲ့အတိုင်း ဖြစ်လာပါပြီ။ အခုအချိန် လုပ်ငန်းတွေ ရပ်ကုန်ပြီ၊ ဈေးကွက်ထဲမှာ ငွေမရှိတော့ဘူး၊ အလုပ်အကိုင်တွေ ရှားပါး လာပြီ။ လူထုကတော့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အထွေထွေကျပ်တည်းလာတဲ့ ဒဏ်ကို ကြိတ်မှိတ် သည်းခံနေတုန်း အချို့လုပ်ငန်းရှင်တွေကလည်း အစိုးရများ ဘယ်လိုမူဝါဒတွေပြောင်းပြီး မြန်မာ့စီးပွားရေးကို ဆွဲတင်မလဲဆိုပြီး လည်ပင်းတဆန့်ဆန့်။ ရေနစ်သူဝါးကူထိုးသလိုပဲ ဒေါ်လာဈေးက အဆမတန်တက်လာနေတဲ့ အခြေအနေမှာ တာဝန်ရှိသူတွေရဲ့ထိထိရောက်ရောက်လုပ်ဆောင်မှုက အတွေ့ရနည်းနေတာဟာ နိုင်ငံ့အတွက် တော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ဒါ့ကြောင့်ပဲ ဘအေးရဲ့ဒီဆောင်းပါးမှာ မြန်မာ့စီးပွားရေးကပ်အတွက် ထွက်ရပ်ဖြစ်စေမယ့် အကြောင်းအရာတွေကို အကြံပြုရေးသားပါ့မယ်။

လက်ရှိဖြစ်နေတဲ့ မြန်မာ့စီးပွားရေးအခြေအနေကိုမှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲပြီး ဖော်ဆောင်လို့ရတဲ့ အချက် (၅)ချက်ကိုပဲ ဦးတည်ပြီးဆွေးနွေးသွားချင်ပါတယ်။ အဲဒီ့အချက်တွေကတော့

၁။ ငွေလိုနေတဲ့ ဈေးကွက်ထဲကို ငွေကြေးဘယ်လို ထိုးသွင်းရမလဲ။

၂။ ဘာ့ကြောင့် တကယ်အလုပ်ဖြစ်စေမယ့် ဥပဒေ ၊နည်းဥပဒေတွေ မြန်မြန်ထွက်အောင်လုပ်သင့်တာလဲ။

၃။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးမူဝါဒက တကယ်အလုပ်ဖြစ်မလား။

၄။ ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတွေက တကယ်အလုပ်ဖြစ်ရဲ့လား။

၅။ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနဲ့ အဂတိတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်တာ အချိန်ကိုက်ဖြစ်ရဲ့လား။ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

ငွေလိုနေတဲ့ ဈေးကွက်ထဲကို ငွေကြေးဘယ်လို ထိုးသွင်းရမလဲ

          အခုအချိန်မြန်မာ့စီးပွားရေးအခြေအနေက ဝယ်သူမရှိသလို ရောင်းသူတွေပါလုပ်ငန်းရပ်သွားတဲ့ ဈေးကွက် အသေ ပုံစံကို ဦးတည်နေတာပါ။ စက်ရုံတွေပိတ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်၊ ခရီးသွားလုပ်ငန်းက ကျဆင်းနေတဲ့ အပြင် ကုန်ဈေးနှုန်းတွေက ဒေါ်လာနဲ့အတူ ရင်ဘောင်တန်းပြီး တက်တဲ့အမျိုးဆိုတော့ ဝယ်ဖို့တောင် လက်ထဲ ငွေမရှိတဲ့ ပြည်သူတွေအတွက်ကတော့ တကယ်ကို ဒုက္ခရောက်စေတဲ့အခြေအနေ ပါပဲ။ဒါဟာ လက်ရှိ ပုံစံမှာတောင် ဒီလောက်ဖြစ်နေတာကို ဒီဖြစ်စဉ်နောက်ကနေလိုက်လာမယ့် Domino Effect တွေအတွက်တော့ မတွေးဝံ့စရာပါပဲ။ဒီလိုဖြစ်စဉ်တွေကြောင့် ဈေးကွက်ထဲမှာ ငွေတွေ မရှိတော့သလို ပြည်သူတွေလည်း မဝယ်နိုင်တော့လို့ Demend ကျသွားသလို လုပ်ငန်းတွေ မကောင်းတော့လို့ Supplyပါ နည်းသွားပါတယ်။

          ဒါကိုကုစားတဲ့အနေနဲ့ အစိုးရကနေ အရေးပေါ်အနေနဲ့ ဈေးကွက်ထဲကို ၊ လူတွေလက်ထဲကို ပိုက်ဆံထည့်ပေးဖို့လိုနေပါပြီ။ ချမ်းသာတဲ့ အစိုးရမဟုတ်လို့ ကိုယ်တိုင်မထိုးထည့်ပေးနိုင်ရင်တောင် နိုင်ငံခြားကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေမျိုးကို G to G အစီအစဉ်မျိုးနဲ့ ချေးယူပြီးထည့်နိုင်ပါတယ်။ ဒီလိုအစီအစဉ်အတွက် အချိန်ယူရမယ်ဆိုရင်တောင် လောလောဆယ် အစိုးရရဲ့ သစ်တော်နဲ့ကျောက်မျက် မှာရှိတဲ့ ငွေကျပ် ဘီလီယံ ၅ထောင် လိုမျိုး နဲ့ လူမှုဖူလုံရေးမှာ အိပ်နေတဲ့ ဘီလီယံနဲ့ ချီရှိနေတဲ့ ငွေတွေကို ၄ကျပ်တိုးလောက်နဲ့ ဈေးကွက်ထဲကို ထိုးထည့်(Injection)ပေးလို့ရပါတယ်။ ဒါဆိုရင် အစိုးရရဲ့ အလကားနေရင်း အတိုးမရပဲအိပ်နေတဲ့ ငွေတွေအတွက်လည်း အစိုးရက အတိုးရမယ်။ ထိုးထည့်ပေးလိုက်တဲ့ ငွေတွေကိုလည်း လုပ်ငန်းတွေအတွက် Project Loanအဖြစ် တစ်မျိုး၊ ပြည်သူတွေအတွက် Home Loan လိုမျိုးတွေနဲ့ သုံးစွဲခိုင်းလိုက်ရင် ဈေးကွက်က ချက်ခြင်းလည်ပတ်လာမှာပါ။ မြန်မာကျပ်ငွေနဲ့ပဲ ထုတ်ချေးမှာ ပြည်တွင်းမှာပဲ လည်ပတ်သုံးစွဲမှာဖြစ်တဲ့အတွက် နိုင်ငံခြားကချေးငွေလို ချေးယူချိန်နဲ့ ပြန်လည်ဆပ်ချိန်မှာ ငွေကြေးတန်ဖိုးကွာဟမှုကိုလည်း ပူစရာမလိုတော့ပါဘူး။ ဒီလိုအစီအစဉ်ကလည်း အစိုးရအနေနဲ့ အချိန်တိုအတွင်း ဆောင်ရွက်နိုင်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။

ဘာ့ကြောင့် တကယ်အလုပ်ဖြစ်စေမယ့် ဥပဒေ ၊နည်းဥပဒေတွေ မြန်မြန်ထွက်အောင်လုပ်သင့်တာလဲ။

          ၂၀၁၆လောက်မှာ Bloomberg ကထုတ်တဲ့ အချက်အလက်အရ မြန်မာ့ဆောက်လုပ်ရေးလောကထဲကို နိုင်ငံခြားကုမ္ပဏီတွေ ဝင်နေတဲ့ အချိန် ဗြုန်းဆို အထပ်မြင့်တွေကို ရပ်လိုက်တဲ့ အတွက် အကုန်ပြန်ထွက်သွားဖူးပါတယ်။ ဒီလိုအထပ်မြင့်တွေကို ရပ်လိုက်ပြီး နှစ် နှစ်လောက်အကြာမှာပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရန်ကုန်မြို့မှာ အိမ်ခန်းပေါင်း နှစ်သိန်းလိုနေတယ်ဆိုပြီး ပြောပြန်ပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် တိတိကျသေချာတဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေ မမှန်ဘူးဆိုတာကိုတွေ့ နိုင်ပါတယ်။ နောက်တစ်ခုက ယိုယွင်းနေတဲ့ စီးပွားရေးကို အသက်ကယ်ဆေးအဖြစ်ထိုးပေးရမယ့်၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကလည်း လွှတ်တော်ရဲ့ ငြင်းဆိုမှုကို ခံလိုက်ရပြန်တယ်။ နိုင်ငံတွင်းကို နိုင်ငံခြားငွေဝင်လာစေမယ့် ကွန်ဒိုဥပဒေကလည်း အခုထက်ထိ မသုံးနိုင်သေးပါဘူး။ မလိုလားအပ်တာတွေကို ထည့်ပြီး တကယ်အလုပ်ဖြစ်စေမယ့် အသုံးတဲ့စေမယ့် ဥပဒေတွေကိုမြန်မြန်ထွက်နိုင်ဖို့ကို နှောင့်နှေးစေနေတဲ့ အချက်တွေကို တိတိကျကျနားလည်ပြီး မြန်မြန်ပြင်ဆင်နိုင်ဖို့ အရေးတကြီးလိုနေပါပြီ။

          နောက်တစ်ခုက ဒေါ်လာဈေးတက်လို့ ပို့ကုန်မရှိတဲ့နိုင်ငံဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကျောကော့အောင်ခံ နေရပါတယ်။ ဒီလိုအခြေအနေကို နမူနာယူပီး ဥပမာ ပြည်ပကနေတင်သွင်းနေရတဲ့ နေ့စဉ်စားသောက်ကုန်မျိုးဖြစ်တဲ့ ငံပြာရည်လိုမျိုးလုပ်ငန်းတွေကို အထူးလုပ်ငန်းလိုင်စင်ထုတ်ပေးပြီး နည်းပညာ၊ အရင်းအနှီး ပံ့ပိုးပေးပြီး အရည်အသွေးပြည့်မီတဲ့ သွင်းကုန်အစားထိုး စားသောက်ကုန်တွေကို သေသေချာချာစိစစ်ကြပ်မတ် ထုတ်နိုင်အောင် စီစဉ်သင့်ပါတယ်။ အရေအတွက်များလို့ ဟုန်သွားခြင်းမရှိအောင် တစ်မျိုးကို စက်ရုံ ငါးခုလောက်စီပဲ Pilot Project အနေနဲ့ စတင်သင့်ပါတယ်။ဒါဟာ အစိုးရကအားပေးတဲ့ စံပြထုတ်ကုန် စီးပွားရေးလုပ်ငန်းတွေဖစ်လို့ လုပ်တဲ့သူတွေအတွက် အားရှိလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအတွက်လ်း လုပ်ဖို့လွယ်ပါတယ်။မြန်မာလုပ်ငန်းရှင်အများစုက ဒီလို အခွင့်အလမ်းတွေကို စောင့်နေတာပါ။ အစိုးရမှာသာ တကယ်လက်တွေ့လုပ်ရင် အောင်မြင်မယ့် မူဝါဒကောင်းတွေပဲ ရှိဖို့ပဲလိုတာပါ။

 

ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတွေက တကယ်အလုပ်ဖြစ်ရဲ့လား

          ကမ္ဘာပေါ်က နိုင်ငံတွေမှာ ကျင့်သုံးတဲ့ စီးပွားရေးပုံစံတွေဟာ ယေဘူယျအားဖြင့် ရှေးရိုးစွဲပုံစံ နဲ့ မိမိဘာသာ ဖောက်ထွက်တဲ့ ပုံစံဆိုပြီး နှစ်မျိုးရှိပါတယ်။ အနောက်နိုင်ငံအများစုကတော့ တောက်လျှောက် တည်ငြိမ်ခဲ့ တာကြောင့် ရှေးရိုးစွဲစီးပွားရေးပုံစံတွေကို ကျင့်သုံးတာအဆင်ပြေစေတာကြောင့် World Bank တို့ IMFတို့က ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဒီပုံစံကျင့်သုံးဖို့ အကြံပြုလေ့ရှိပါတယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ ကံပါပဲ။ အိမ်နီချင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီWB နဲ့ IMF ကန်းတွေကိုသုံးပြီး ကျဆုံးခဲဲ့ဖူးပါတယ်။

          နောက်တစ်ခုဖြစ်တဲ့ ဖောက်ထွက်တဲ့ စီးပွားရေးပုံစံကိုတော့ အာရှမှာဆို မဟာသီယာက မလေးရှားမှာ အောင်မြင် အောင်လုပ်နိုင်ခဲ့တယ်။ နောက် ဂျပန်မှာဆိုလည်း ရှင်ဇိုအာဘေး က အောင်မြင်အောင်လုပ်နိုင်ခဲ့ သလို စင်္ကာပူ ကလည်း ဒီနည်းနဲ့ပဲ အောင်မြင်ခဲ့တာပါ။အခုမြန်မာနိုင်ငံဗဟိုဘဏ်က သုံးနေတဲ့အချို့အရာတွေက WB နဲ့ IMF ကနည်းတွေနဲ့ သုံးေနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟိုဘဏ်ကိုလည်း ဖောက်ထွက်တဲ့နည်းတွေသုံးနိုင်တဲ့သူတွေနဲ့ပဲ သုံးသင့်ပါတယ်။ နောက်တစ်ချက် ကလည်း သူဌေးမုန်းတဲ့ ဝါဒရှိနေတဲ့ သူတွေကိုလည်း ဗဟိုဘဏ်မှာ မရှိသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ ဗဟိုဘဏ်ဆိုတာ နိုင်ငံအတွက် သူဌေးတောင် မွေးပေးရမယ့်သူဖြစ်နေလို့ပါပဲ။

 

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနဲ့ အဂတိတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်တာ အချိန်ကိုက်ဖြစ်ရဲ့လား

          အဂတိဆိုတာကတော့ ဘအေးတို့ ပတ်ဝန်းကျင်မှာ မရှိလေ ကောင်းလေပါပဲ။ ဒါပေမယ့် အဂတိကို တိုက်ဖျက်ပုံ တိုက်ဖျက်နည်းကတော့ ပညာရှင်ဆန်ဖို့လိုပါတယ်။ အခုတွေ့နေရတာက အကောင်ကြီးကြီးဆို အရေးယူမှုက ပျော့ပြီး လက်အောက်ငယ်သားအဆင့်ဆိုရင်တော့ အရေးယူမှုက စံပြအဖြစ်တောင် လုပ်ပြနေသလိုပါပဲ။ အမှန်က အကောင်ကြီးကြီးကို နမူနာထားပြီး အရေးယူပြမှသာ အောက်လက်ငယ်သားတွေကို ထိန်းပြီးသားဖြစ်မှာပါ။

          အရေးကြီးဆုံးအချက်ကတော့ မြန်မာ့စီးပွားရေး ဒီလိုဖြစ်နေချိန်မှာ အဂတိတရားကို ဒီလောက်ထိ တင်းတင်းကျပ်ကျပ် ကိုင်ဖို့လိုမလိုဆိုတာပါပဲ။ လူအများစုကတော့ အဂတိဆိုတာမရှိလေ ကောင်းလေလို့ သိထားတဲ့ အတွက် ဒီလို တင်းတင်းကျပ်ကျပ် ကိုင်ဖို့လိုတယ်လို့ ထင်မှာပါပဲ။ ဘအေးကတော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့စီးပွားရေးရဲ့ လက်ရှိအခြေအနေကြောင့်ပါပဲ။စီးပွားရေး ဒီလောက်ကျနေချိန်မှာ အဂတိကို ဒီလောက်တင်းကျပ်လိုက်တော့ လုပ်ငန်းရှင်တွေနဲ့ ပတ်သက်လုပ်ကိုင်နေရတဲ့၊ လုပ်ငန်းရှင်တွေကို လက်မှတ်တွေခွင့်ပြုချက်တွေ စတာတွေကို ထုတ်ပေးရတဲ့ ဌာနတွေမှာရှိနေတဲ့ ဝန်ထမ်းငယ်တွေဟာ အရင်လက်ဖက်ရည်ဖိုးလောက်ပေးရင်တောင် ချောချောရှုရှုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါတယ်။

          ဒါတွေနဲ့ နောက်ဆုံးအဖြေကတော့ လုပ်ငန်းပုံမှန်လည်ပတ်မှုကို ထိခိုက်စေတာပါပဲ။ လုပ်ငန်းလည်ပတ်မှု အဆင်မပြေမှတော့ စီးပွားရေးလည်းကောင်းလာစရာမရှိပါဘူး။ ဒီဟာနဲ့ ယှဉ်ပြီး ဥပမာပေးရရင် တရုတ်ပြည်ဟာ သူ့နိုင်ငံစီးပွားရေးတက်ဖို့ ရုန်းကန်နေရချိန်မှာ အလုပ်တွေ အဆင်ပြေစေဖို့ အဂတိကို လွှွတ်နိုင်သမျှလွှတ်ပေးခဲ့ပါတယ်။ အခုအချိန်စီးပွားရေးအဆင်ပြေပြီဆိုမှ ရှီကျင်ပင်းလက်ထက်မှာ အဂတိကို စကိုင်တွယ်တာပါ။ ဒါတောင် အဂတိကို စချိန်ပြီးချိန်ကစပြီး တရုတ်ပြည်ရဲ့ စီးပွားရေး အညွှန်းကိန်းတွေက နည်းနည်းကျလာတာကို တွေ့ရမှာပါ။ဒါ့ကြောင့် ဘအေးဆိုလိုချင်တာက အဂတိကို လုံးဝလွှတ်ထားဖို့မလိုပါဘူး။ ဒါပေမယ့် ဒီအချိန်မှာအလုပ်တွေ လုပ်သာကိုင်သာလေးဖြစ်အောင်တော့ အပေါက်ဖွင့်ထားပေးသင့်ပါတယ်။

          အချုပ်ဆိုရရင် မြန်မာပြည်က မြေတွေကို အချောင်ဈေးနဲ့ လိုချင်လို့ ဈေးကြီးတယ်ဆိုပြီး ဘာအချက်အလက်မှ မပါပဲလာပြောနေတဲ့ နိုင်ငံခြားသားပညာရှင်ဆိုတဲ့ လူတွေပြောတာကိုယုံကြည်တတ်တဲ့ နိုင်ငံမှာ အစိုးရဆိုတဲ့ Policy Makerရဲ့ အခန်းကဏ္ဍဟာ အရမ်းအဓိက ကျပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက စီးပွားရေးဖက်ကို အားစိုက်ဖို့ အချိန်မရလို့ သူယုံကြည်တဲ့လူကို ဝန်ကြီးခန့်ထားချိန်မှာ ဒီခန့်အပ်ခံထားရသူရဲ့ လုပ်ရည်ကိုင်ရည်က နိုင်ငံအတွက် အများကြီးစကားပြောပါတယ်။ဒါ့ကြောင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ဆိုတာ အချိန်နောက်ကျတယ်လို့ မရှိပါဘူး။ ဒီနေ့ ထလုပ်ရင် မနက်ဖြန်မှာ ပြောင်းမှာဖြစ်ပြီး မနက်မှ လုပ်ရင် သန်ဖက်ခါမှ ပြောင်းပါလိမ့်မယ်။ ဘယ်တော့မှ မလုပ်ရင်တော့ ဘာမှကို မပြောင်းလဲပါဘူးလို့ အကြံပြုရင်း။

The Politics Journal

Banking & Loan Read 2245 times