အမေရိကန်နိုင်ငံအခြေစိုက် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတခုဖြစ်သည့် Eaton မှ မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၌ လုပ်ကိုင်ရန် စတင်ဝင်ရောက်လာကြောင်း စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ Pullman ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
စာချုပ်ချုပ်ဆို
****
Eaton ကုမ္ပဏီသည် လက်ရှိ အသုံးပြုနေသည့် ဓာတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး ဆိုင်ရာ ကဏ္ဍများ၌ အရည်အသွေးပိုင်း ပိုမို ကောင်းမွန်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အဆင့်မြင့်နည်းပညာသစ်များကို မြန်မာနိုင်ငံရှိ နည်းပညာပိုင်းကုမ္ပဏီတခုဖြစ်သည့် Myanmar Golden Rock International (MGR) နှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြသည်။
တိုးတက်စေနိုင်
****
Eaton ၏ အင်ဒိုချိုင်းနား အနောက်ပိုင်းဒေသဆိုင်ရာ Country Manager ဖြစ်သူ Kidsada Santisak က မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးမည့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲသူများအနေဖြင့် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ထုတ်ကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အကျိုးရှိစွာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း ရှိနှင့်ပြီးသော လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆင့်ကဲဖြန့်ဖြူးခြင်းနှင့် ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံတို့အပြင် အသစ်တည်ဆောက်မည့် အခြေခံ အဆောက်အအုံများ၏ လုံခြုံစိတ်ချရမှုနှင့် အသုံးချနိုင်မှုတို့ကိုလည်း တိုးတက်စေမည်ဟု ပြောဆိုသည်။
နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ၌ များစွာရင်းနှီးမြှုပ်နှံမှု ထည့်ဝင်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။
ဖြန့်ဖြူးရောင်းချ
****
ယင်းအပြင် Data စင်တာများ၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၊ ပြည်သူများ အသုံးပြုသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ စီးပွားရေး အဆောက်အအုံ လုပ်ငန်းများ စသဖြင့် နယ်ပယ် အသီးသီးတွင် အသုံးပြုနိုင်သည့် ၎င်းတို့၏ လုပ်ငန်းပိုင်း ဆိုင်ရာကျွမ်းကျင်မှုများနှင့် ထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းသို့ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ သို့ မဟုတ် မြန်မာကျပ်ငွေ ၁၀၀၀ ကျပ်မှ စ၍ ကုန်ပစ္စည်းများကို လာမည့် ၁ ပတ်မှ၂ ပတ် အတွင်း ဖြန့်ဖြူး ရောင်းချသွားမည် ဟုလည်း ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ် အမြောက်အများ ရှိသော်လည်း မြန်မာ့လူဦးရေ၏ ၃၀ ရာခိုင် နှုန်းခန့်သာ တည်ငြိမ်သော လျှပ်စစ်မီးကို ရယူသုံးစွဲနိုင်ကြောင်း သိရသည်။
Eaton ကုမ္ပဏီသည် အာရှ ပစိဖိတ်ဒေသ အတွင်းတွင် စက်ရုံကြီး ၄၇ ရုံမှ ကုန်ပစ္စည်းများကို ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၁၇၅ နိုင်ငံကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
Source: irrawaddy