ကမ္ဘာ့ဘဏ်ကနှစ်စဉ်ထုတ်ပြန်သည့်စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးနိုင်ငံများ(Doing Business) စာရင်းတွင်မြန်မာနိုင်ငံ၏အဆင့်သတ်မှတ်ချက်(၁၇၀) သို့ရောက်ရှိပြီးယခင်နှစ်ထက်အဆင့် သုံးဆင့်ကျဆင်းခဲ့သည်။
ပြီးခဲ့သည့်ရက်ပို်င်းကထုတ်ပြန်ခဲ့သည့်ကမ္ဘာ့ဘဏ်၏စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးစာရင်းတွင်နိုင်ငံပေါင်း ၁၉၀ ပါ၀င်ပြီးမြန်မာနိုင်ငံ၏အောက်တွင်ဘင်္ဂလားဒေ့ရှ်၊အရှေ့တီမောနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိနေသည်။
ယခုနှစ်စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးစာရင်းတွင်အာဆီယံဒေသတွင်းနိုင်ငံများအနက်မြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးမှုအားနည်းသည့်လာအိုနိုင်ငံကအဆင့်(၁၃၉)နှင့်ကမ္ဘောဒီးယားနိုင်ငံကအဆင့်(၁၃၁) တို့တွင်အသီးသီးရပ်တည်နေသည်။
အစိုးရအနေဖြင့် Doing Business တွင်အဆင့်မြန်မြန်တက်လာစေရန်လုပ်ပေးရန်လိုပါသည်။
သို့မှသာနိုင်ငံရေးတွင်လည်းပြည်သူယုံကြည်မှုပိုရလာမည်ဟု စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကို ကပြောသည်။
နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းရှင်ကြီးများရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန်ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့်စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူဆုံးစာရင်းသည်အရေးပါသောအချက်အလက်တစ်ခုဖြစ်ကြောင်းဆက်လက် ပြောကြားသည်။
စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးစာရင်းတွင်မြန်မာနိုင်ငံအနေဖြင့်လုပ်ငန်းစတင်ရန်အလွယ်ကူဆုံးအဆင့်(၁၄၆)၊ဆောက်လုပ်ရေးကဏ္ဍတွင်(၆၆)၊ လျှပ်စစ်ရရှိမှုတွင်(၁၄၉)၊အခွန်ပေးဆောင်မှုတွင်(၁၁၉)၊ အရင်းအနှီးနည်းသည့်စီးပွားရေးများအတွက်အကာအကွယ်ရရှိမှုတွင်(၁၇၉) စသည်ဖြင့်အဆင့်များဖော်ပြထားသည်။
စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးစာရင်းတွင်မြန်မာနိုင်ငံကိုလာမည့်သုံးနှစ်အတွင်းအဆင့်(၁၀၀) အောက်ရရှိရန်ကြိုးစားနေသည်ဟုဒုတိယသမ္မတကပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင်မကြာခဏပြောကြားထားသည်။
စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးအဆင့်ကျဆင်းရခြင်းသည်လျှပ်စစ်မီးရရှိမှုအခြေအနေ၊ဆောက်လုပ်ရေးကဏ္ဍတွင်ကြုံတွေ့နေရသည့်အခက်အခဲများပါ၀င်ပြီးအခြားနိုင်ငံများကလည်းစီးပွားရေးလုပ်ကိုင်ရန်ပိုမိုလွယ်ကူစေရန်ဆောင်ရွက်လာခြင်းကြောင့်ဟုသိရသည်။
Source:7daydaily