မြန်မာ့ စိန်တလုံးသရက်သီးများကို လာမည့်နှစ်မှစတင်၍ ဂျာမနီနိုင်ငံသို့ တင်ပို့မည်


10 July, 2018

မြန်မာ့စိန်တလုံး သရက်သီးများကို လာမည့်နှစ်တွင် ဂျာမနီနိုင်ငံသို့ တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခုနှစ်တွင် ဂျာမနီနိုင်ငံက စိန်တလုံး သရက်သီးများ မှာယူခဲ့သော်လည်း ပြည်တွင်းတွင် သရက်သီးရာသီချိန် ကုန်ဆုံးပြီ ဖြစ်သဖြင့် နောက်နှစ် သရက်သီး ရာသီချိန်မှသာ တင်ပို့ရောင်းချရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။

‘‘စိန်တလုံး သရက်သီး ရောင်းချနိုင်ဖို့ ဈေးကွက်ရှာတာပါ။ ဒီနှစ် ပြည်တွင်းမှာ သရက်သီးဈေးကွက်ပျက်တယ်။ ဈေး ကောင်းမရဘူး။ တရုတ်ဘက်က လည်း အရင်နှစ်လောက် မဝယ် ဘူး။ အဲဒါကြောင့် ဂျာမနီကို နမူနာ တင်ပို့တယ်။ သူတို့ကလည်း ကြိုက်တယ်ဆိုပြီး လှမ်းမှာ တယ်။ ဒါပေမဲ့ ဒီမှာ သရက်သီးက မသီးတော့ဘူး။ ရာသီချိန်ကုန်သွားပြီ’’ဟု ၎င်းက ပြောခဲ့ပါသည်။

ပြည်တွင်းသရက်သီး သီးချိန်တွင် တရုတ်နိုင်ငံ၌ သရက်သီး ပေါ်ချိန်နှင့် တိုက်ဆိုင်ခြင်း၊ ၂၀၁၆ က သရက်သီးများ မရင့်မီခူးဆွတ်ရောင်းချမှုများရှိခြင်းကြောင့် တရုတ်နိုင်ငံသို့ သရက်သီး တင်ပို့မှုကျဆင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ယင်းအတွက် သရက်သီး စိုက်ပျိုးရောင်းချသူများ အကျိုးအမြတ်ရရှိမှု နည်းပါးပြီး ဂျာမနီသို့ သရက်သီးဈေးကွက်ချဲ့ထွင်နိုင်ပါက သရက်စိုက်တောင်သူများ ပြန်လည်အဆင်ပြေလာမည်ဟု ၎င်းကပြောသည်။

ဂျာမနီနိုင်ငံသို့ တစ်ရက်လျှင် သရက်သီး တစ်တန်ခန့် တင်ပို့ရောင်းချရနိုင်ကြောင်း၊ စိန် တလုံးသရက်သီးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အနည်းငယ် စိုက်ပျိုးလာသည်ကိုလည်း တွေ့ ရကြောင်း ၎င်းက ပြောခဲ့ပါသည်။

ယခုနှစ်အတွင်း သရက်သီး အနုများ ဈေးကွက်အတွင်း ဝင်ရောက်မှုများပြီး သရက်သီး အရည်အသွေးကောင်းမွန်မှုမရှိသဖြင့် ဈေးကောင်းရရှိမှုနည်းပါးကြောင်း သီရိမင်္ဂလာဈေးရှိ သစ် သီးပွဲရုံပိုင်ရှင်တစ်ဦးက ပြောခဲ့ပါသည်။

အရည်အသွေးမပြည့်ဝသည့် သရက်သီးများကို တင်ပို့ ရောင်းချမှု မပြုလုပ်ရန် သရက် သီးထွက်ရှိသည့် မြို့များတွင် မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လူကြိုက်များ ရောင်းအားကောင်းသော သရက်သီး အမျိုးအစားများမှာ စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည်တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် သရက်မျိုးပေါင်း ၂၀၀ ရှိပြီး သရက်သီးအမျိုးအစားနှင့် စိုက်ပျိုးရာဒေသအပေါ်မူတည်၍ ဧပြီမှ ဇူလိုင်လဆန်းပိုင်းအတွင်း ခူးဆွတ်ကြပါသည်။

7 Day Daily

Export, Import Read 764 times