Myanmar Metals (MYL) က မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ၎င်း၏ လုပ်ငန်းကဏ္ဍကို ရုပ်သိမ်းရန် စီစဉ်နေသည်။
Myanmar Metals လုပ်ကိုင်နေသော ဘော်တွင်း စီမံကိန်းအတွက်ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံရန် အလားအလာများသည် အာဏာသိမ်းပြီးသည့်နောက်တွင် ဆိတ်သုန်းသွားခဲ့သည်။
နိုင်ငံရေး မတည်ငြိမ်သည့် မရေရာမှုများကြောင့် လုပ်ငန်းလည်ပတ်နိုင်သည့် စီးပွားဝန်းကျင်အတွက် တိုးတက်ကောင်းမွန်လာမည်ကို စောင့်ကြည့်ခြင်းသည် ချင့်မြော်ရာရောက်သော မဟာဗျုဟာတစ်ရပ် မဟုတ်ဟု Myanmar Metals က ပြောသည်။
သို့ဖြစ်ရာ ဘော်တွင်းစီမံကိန်းမှာ ၎င်း၏ ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်ထားသည်ကို ပြန်ထုတ်ယူရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့သော် ကုမ္ပဏီအနေဖြင့် ဝယ်ယူရန် တရားဝင်ကမ်းလှမ်းချက်များ တစ်ခုမှ မရရှိသေးချေ။ ၎င်း၏ ရှယ်ယာများ ရောင်းဝယ်ခြင်းကို ဖေဖော်ဝါရီလဆန်း အာဏာသိမ်းချိန်မှစ၍ မိမိဆန္ဒအလျောက် ရပ်ဆိုင်းထားခဲ့သည်။ ထိုသို့ မရပ်ဆိုင်းခင် နောက်ဆုံးရောင်းဝယ်ခဲ့ရာ၌ ရှယ်ယာတစ်ခုကို ၇ ဆင့်ဖြင့် ရောင်းဝယ်ခဲ့ကြသည်။
အဆိုပါ ဘော်တွင်း စီမံကိန်းသည် ငွေ၊ ခဲ နှင့် ဇင့် သတ္တုရိုင်းများ တူးဖော်ရရှိသည့် သတ္တုတွင်း ဖြစ်ပြီး အစမ်းနမူနာရယူရန် တူးဖော်သည့် အဆင့်တွင်သာ ရှိသေးသည်။
Myanmar Metals သည် ဩစတေးလျ စတော့အိပ်ချိန်းတွင် စာရင်းဝင်သည့် ကုမ္ပဏီဖြစ်သည်။
ကုမ္ပဏီလည်ပတ်ရန် လက်ထဲတွင် ငွေ အမေရိကန်ဒေါ်လာ ၁၁.၄ သန်း ရှိပြီး အကယ်၍ ဘောတွင်းလုပ်ငန်း လုပ်ကိုင်ခြင်းတွင် ဆက်လက်၍ လုပ်ကိုင်မည် ဆိုပါက လာမည့် ၁၂ လအတွင်း ငွေကုန်ခန်းသွားလိမ့်မည်ဟု ဆိုသည်။ ထို့ပြင် အမြောက်အမြား တူးဖော်ရန်အတွက် ပြင်ဆင်ရသည့် စရိတ်စကများသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ကုန်ကျမည် ဖြစ်ရာ Myanmar Metals သည် ရင်းနှီးမြှုပ်နှံသူများ ပါဝင်လာခြင်း မရှိပါက အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။
Myanmar Metals သည် ဇွန်လတွင် အပြီးအပိုင် ဝယ်ယူရန် ကမ်းလှမ်းချက်ကို တရုတ်နိုင်ငံ အခြေစိုက် သတ္တုတွင်းလုပ်ငန်း Yintai Gold ထံမှ ရရှိခဲ့ပြီး အစုရှယ်ယာတစ်ခုလျှင် ၃၅ ဆင့် ဖြင့် ဝယ်ယူရန် ဈေးဖြတ်သည်။ ထိုဈေးအရ တွက်ချက်လျှင် Myanmar Metals တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၆.၅ သန်း ဝန်းကျင် ရှိသည်။
Yintai Gold မှ ကမ်းလှမ်းချက်နှင့်အတူ သတ်မှတ်ချက်များလည်း ပါဝင်ရာ သတ်မှတ်ချက်အချို့တို့ကို Myanmar Metals ၏ စီမံခန့်ခွဲရေးအနေဖြင့် လက်ခံနိုင်ခြင်း မရှိကြောင်း ၎င်း၏ အစုရှယ်ယာပိုင်ရှင်များကို အသိပေးပြောကြားသည်။ ထို့အပြင် Yintai Gold ထံမှ နည်းလမ်းတကျ တရားဝင်ကမ်းလှမ်းချက် ရရှိမည်ဆိုသည်မှာလည်း အာမခံချက် မရှိချေ။ သို့ဖြစ်ရာ ၎င်းတို့နှစ်ခုအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ရမည်ဖြစ်ပြီး Yintai Gold ထံမှ တရားဝင်ကမ်းလှမ်းချက် ပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိအောင်လည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
Source: themarketherald.com.au