ဘဏ္ဍာနှစ်ကြားကာလနှစ်လခွဲအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ သန်း ၆၂၀ နီးပါးရရှိထား


06 July, 2018

ဘဏ္ဍာနှစ်ကြားကာလနှစ်လခွဲအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၂၀ နီးပါးရရှိထားသောကြောင့် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅၇ ဒသမ ၁၂၃ သန်းသာ ရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၆၂ သန်းခန့် ပိုမိုရရှိထားကြောင်း သိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော စာရင်းများအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၇ ဘီလျံ ရရှိခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၇ ဘီလျံခန့် ထွက်ရှိနေပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းများမှ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို တစ်ရက်လျှင် ကုဗပေ ၁ ဒသမ ၅ ဘီလျံခန့် တင်ပို့နေကြောင်း သိရပါသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၂၀ မှ လုပ်ဆောင်နေသည့် ကုမ္ပဏီပေါင်း ၃၂ ခုရှိပြီး လုပ်ကွက်ပေါင်း ၆၃ ကွက်တွင် ရေနံရှာဖွေရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ကုန်းပိုင်းကမ်းလွန်လုပ်ကွက်များအနေဖြင့် မြန်မာပြည်တွင် ကုန်းပိုင်းအနေဖြင့် ၅၃ ကွက်၊ ကမ်းလွန်အနေဖြင့် ၅၁ ကွက် စသည်ဖြင့် လုပ်ကွက်များရှိကြောင်း၊ ၎င်းတို့အနက် ကုန်းပိုင်းတွင် လုပ်ကွက် ၂၅ ကွက်တွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကျန်လုပ်ကွက်များကို MOGE ကိုယ်တိုင် ရေနံတူးဖော်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

Daily Eleven

Export, Import Read 522 times