မြန်မာ့အော်ဂဲနစ် ပိုးထည်နှင့်ချည်ထည် ထုတ်လုပ်မှုလုပ်ငန်းများတွင် ဗြိတိန်အပါအဝင် ယူနိုက်တက်ကင်းဒမ်း(UK)မှ အမေရိကန်ဒေါ်လာ ၁.၄ မီလီယံခန့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဟု UK နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ကသိရသည်။
မြန်မာ့အော်ဂဲနစ် ပိုးထည်ချည်ထည် ထုတ်လုပ်မှု၌ UK မှ ရင်းနှီးမြှုုပ်နှံမည်။ pure Sense Organics ကုမ္ပဏီ၊ ဓန Dana Facility တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းအစီအစဉ်ကို လာမည့် ၂ နှစ်အတွင်း လုပ်ဆောင်မည်ဟု ဆိုထားသည်။ DFID ၏ အကြီးအကဲ Dr Gail Marzettiက “မြန်မာနိုင်ငံအတွက် စီးပွားရေးကဏ္ဍ အသစ်တစ်ခု မဟုတ်ပေမယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။ အရင်က အရည်အသွေးမြင့်တဲ့ အထည်အလိပ်တွေကို ရှမ်း၊ ချင်းပြည်နယ်နဲ့ နာဂ ဒေသအပြင် မြန်မာနိုင်ငံတဝန်းမှာ ထုတ်လုပ်ပါတယ်။ ဒီမှာလုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ ကျွမ်းကျင်မှုကောင်းအောင်နဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ လုပ်ကိုင်သူတွေ ဝင်ငွေပိုကောင်းလာအောင် ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောသည်။
ယင်းစီမံကိန်းတွင် ချင်းပြည်နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများမှ အစပြု၍ ပိုးထည်ထုတ်လုပ် အချောသတ်ခြင်းအထိ ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပြီး ဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင်ပေးခြင်းနှင့် မြန်မာ့ ပိုးထုတ်ကုန်များကို နိုင်ငံရပ်ခြားတွင် ရောင်းချခြင်းတို့မှတဆင့် နိုင်ငံအတွင်း ပိုးထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် ပိုးထည်ထုတ်လုပ်ရေးလုပ်ငန်းမှ အရည်အသွေးမြင့် ပိုးထည်ကုန်အမှတ် တံဆိပ်များကို ဥရောပ၊ မြောက်အမေရိကနှင့် သြစတြေးလျ နိုင်ငံတို့ရှိ အိမ်အလှဆင် ဈေးကွက်သို့ တင်ပို့ရာင်းချသွားမည် ဖြစ်ကြောင်း DFID က ထုတ် ပြန် ထားသည်။
ယင်း စီမံကိန်းသည် ချင်းပြည်နယ်နှင့် ရန်ကုန်မြို့တို့ရှိ ရက်ကန်းလုပ်ကိုင်သူများအတွက် ရေရှည်ခိုင်မြဲသော အလုပ်အကိုင်များ ဖန်တီးပေးမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း Dr Gail Marzetti က ဆိုသည်။ ယင်းအပြင် ဒေသခံ ပိုးထည် လက်မှုပညာရှင်နှင့် ရက်ကန်းလုပ်ကိုင်သူများ၏ လုပ်ငန်းကို အထောက်အကူပြုရန်အတွက် ရန်ကုန်မြို့တွင် ရက်ကန်း စတူဒီယို ၁ ခုကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Pragma Ventures ဒါရိုက်တာ Catherine Smith ကလည်း“မြန်မာနိုင်ငံက အရည်အသွေးမြင့် ပိုးထည် ထုတ်လုပ်ရေးမှာ တချိန်က အထင်ကရနေရာ အဖြစ်ရပ်တည်ခဲ့တယ်။ ပြီးတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း ပိုးထည်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးပံ့ပိုးပေးထားပါတယ်။ ကျမတိုအနေနဲ့ ဒေသခံ လက်မှုပညာရှင်တွေနဲ့ ရက်ကန်းလုပ်ငန်းတွေအတွက် ပြည်တွင်းဖြစ် ပိုးထည်တွေ လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မှာဖြစ်တယ်” ဟု ပြောသည်။
အော်ဂဲနစ်ချည်ထည်များ ထုတ်လုပ်နိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော မျိုးစေ့အသစ်များ ပေးခြင်းအပြင် စိုက်ပျိုးသည့် တောင်သူများကိုလည်း အော်ဂဲနစ် စိုက်ပျိုးရေးနည်းလမ်းများ သင်ကြားပေးခြင်းများလည်း ပါဝင်မည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ အနည်းဆုံး လယ်သမား ၅၀၀ နှင့် လက်တွဲလုပ်ဆောင်သွားရန် ရည်ရွယ်ထားသည် ဟု ၎င်းကပြောဆိုသည်။ Catherine Smith က“ဒီစီမံကိန်းဟာ အသေးစား လယ်စိုက် တောင်သူတွေဆီကနေ တဆင့် ဝယ်ယူထုတ်လုပ်ပြီး မြန်မာနိုင်ငံကို အသိအမှတ်ပြု အော်ဂဲနစ်ချည်ထည် ပံ့ပိုးသူဖြစ်လာအောင် လုပ်ဆောင်မှာပါ”ဟု ပြောသည်။
ချင်းပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်က “ကျနော်တို့ ဆီမှာက သဘာဝအထည်ရက်လုပ်တဲ့ဟာက အများဆုံးလုပ်နိုင်တဲ့ဟာ ဖြစ်တယ်။ ယူကေ ကလာပြီးမှ ကူညီမယ်ဆိုရင်တော့ အလုပ်အကိုင်ရရှိရေးရော ကျနော်တို့ ဒေသထွက်ပစ္စည်းတွေကို နိုင်ငံတကာပြလို့ရမယ်” ဟု ဧရာဝတီ ကို ပြောသည်။ ၎င်းက ဆက်လက်၍ “အမျိုးသမီးတွေ အလုပ်အကိုင် ရရှိရေး အတွက် အခွင့်လမ်းတွေ အများကြီးပေါ်လာမယ်။ ဒါက ကျနော်တို့ ကျွမ်းကျင်ပြီးသား လုပ်ငန်းတစ်ခု ဖြစ်တယ်။ အရင်းအနှီးမရှိလို့သာ ကျနော်တို့ အကြီးအကျယ် မလုပ်နိုင်တာဆိုတော့ ဒါက အများကြီး အထောက်အကူပြုမှာပါ” ဟု ဆိုသည်။ လက်ရှိ ချင်းပြည်နယ်တွင် အိန္ဒိယမှ အပ်ချည်များ တင်သွင်းပြီး ချည်ထည်ထုတ်လုပ်မှုကို မြို့နယ်တိုင်းလိုလို၌ လုပ်ကိုင်လျက် ရှိပြီး တချို့မြို့နယ်တို့တွင် ပိုးထည်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း ၎င်းက ပြောဆိုသည်။
အော်ဂဲနစ်ချည်ထည်မှာ ကမ္ဘာအနှံ့တွင် ဝယ်လိုအားများနေသော်လည်း နိုင်ငံတကာမှ ချည်ထည်ထုတ်လုပ်မှု၏ ၁ရာခိုင်နှုန်းပင် မပြည့်ကြောင်းနှင့် မြန်မာနိုင်ငံသည် အော်ဂဲနစ်ချည်ထည် ထုတ်လုပ်ရန် အနေအထားကောင်းများတွင် ရှိနေသည်ဟု DFID က ထုတ်ပြန်ထားသည်။
The IRRIAWADDY