ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုအစီရင်ခံစာ ထုတ်ပြန်မည်


02 July, 2018

ယခုနှစ် နိုဝင်ဘာအတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းမညီမျှမှုကို နိုင်ငံတကာအဆင့်ဖြင့်တိုင်းတာသည့် စစ်တမ်းအစီရင်ခံစာကို ထုတ်ပြန်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် ကပြောသည်။

‘‘အရင်တုန်းကတော့ အိမ်ထောင်စုရဲ့ ဝင်ငွေနဲ့ တိုင်းတာတယ်။ အခုနောက်ပိုင်းမှာ လူ တစ်ယောက်ရဲ့ သာယာဝပြောမှု ကို ငွေတစ်ခုတည်းနဲ့ တိုင်းလို့မရဘူး။ လူမှုပိုင်းတွေပါ စဉ်းစားလာပြီ။ အခုနောက်ပိုင်း တိုင်းတာတဲ့အခါမှာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရဲ့ သဘောတရားလေးတွေနဲ့ တိုင်းတာလာကြတယ်’’ဟု ၎င်းက နေပြည်တော်တွင် သတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ်ပြောခဲ့ပါသည်။

ယခုထုတ်ပြန်မည့် အစီရင်ခံ စာသည် ယခင်နည်းလမ်းများအ ပြင် အိမ်ထောင်စုတစ်ခု၏ အခြေအနေ၊ အသုံးစရိတ်ခွဲဝေမှု၊ စာရေးသောက်ရေးအတွက် ခွဲဝေမှု၊ ကျန်းမာရေး၊ ပညာရေး စသည့် အချက်များကို ထည့်သွင်းထားကြောင်း ဒေါက်တာဝါဝါမောင်က ရှင်းပြခဲ့ပါသည်။

‘‘ဆင်းရဲနွမ်းပါးမှု လျှော့ချအောင် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် လူနေမှုအဆင့်မြင့်အောင် ဘယ်လိုလုပ်ပေးရမလဲ။ ဘယ်ကဏ္ဍတွေကို ဝင်ပြီးဆောင်ရွက်ပေးရမလဲပေါ့’’ဟု ၎င်းက စစ် တမ်းကောက်ယူမည့်ပုံစံကို ရှင်း ပြသည်။

ယင်းစစ်တမ်းထွက်ပေါ်လာပါက နိုင်ငံတော်က ပြည်သူဘဝတိုးတက်ရေး အစီအစဉ်များကို အထက်ပါ အဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများက ထည့်သွင်းစဉ်းစားနိုင်ရေး ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာဝါဝါမောင်ကပြောသည်။

ဆင်းရဲ၊ ချမ်းသာ ကွာဟမှု အစီရင်ခံစာအပြင် လူမှုစီးပွားနှင့် ပတ်သက်သည့် အစီရင်ခံစာများကိုလည်း ယခုနှစ်မကုန်မီ ထုတ်ပြန်ရန်ရှိကြောင်း ၎င်းကဆိုသည်။

၂၀၁၇ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဆင်းရဲနွမ်းပါးသူ ၁၅ ဒသမ ၈ သန်းအနက် ၁၃ ဒသမ ၈ သန်း သည် ကျေးလက်တွင် နေထိုင်ပြီး နှစ်သန်းသည် မြို့ပြတွင် နေထိုင်သူများဖြစ်သည်ဟု ဖော်ပြထား သည်။

ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီစဉ် (UNDP) တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ နေထိုင်မှုစစ်တမ်း ၂၀၁၇ ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားကာ ပြီးခဲ့သည့် ၂ နှစ်အတွင်း မြန်မာ့လူနေမှုအဆင့် တိုးတက်လာကြောင်း ဖော်ပြထားသည်။

 7 Day Daily

Local News Read 617 times