မြန်မာ့ဆန်တင်ပို့မှု စံချိန်ထပ်တင်နိုင်မလား


13 June, 2018

ယမန်နှစ်က ကမ္ဘာ့ဆန်တန်ပို့မှုအများဆုံး ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှုအခြေအနေကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုမှာ ပုံမှန်အခြေအနေတွင်ရှိနေသော်လည်း နယ်စပ်ဆန်တင်ပို့မှုမှာတော့ အနည်းငယ်လျေ့ာနည်းနိုင်သောကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်အသစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ခန် တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော်အထိ စံချိန်တင် တင်ပို့နိုင်မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံရရှိခဲ့သည်။

၎င်းတင်ပို့မှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့နိုင်ငံများ၏ အဆင့် (၁) မှ အဆင့် (၅) အတွင်း စာရင်းဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် MSP (Minimum Support Price) ကို လျေ့ာချလိုက်သောကြောင့် ဧပြီနှင့် မေ နှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ဆန်တင်ပို့မှု ကျဆင်းသွားသည်ဟု သိရပါသည်။

ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း (သို့မဟုတ်) တန်ချိန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အစိုးရချင်း သဘောတူညီမှုစာချုပ် ချုပ်ဆိုပြီး ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလအထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၂ ဒသမ ၇ သိန်းကျော်ရှိပြီး တန်ဖိုးဒေါ်လာ ၉၆ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရပါသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော်ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၄၄၀၀ ကျော်၊ နယ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၄၅၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

နှစ်အလိုက် ပြည်ပသို့ ဆန်တင်ပို့မှုတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၅၁၇ ဒသမ ၆၀၅ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၇ သန်းကျော်ရှိပြီး ဒေါ်လာ ၅၅၃ ဒသမ ၇၈၅ သန်းရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၅၈ သန်းတင်ပို့ခဲ့ပြီး ဒေါ်လာ ၁၁၃၇ သန်းရရှိခဲ့သည်။

 Eleven

Export, Import Read 2579 times