နှစ်စဉ် ပြည်တွင်း၌ ဆန်တန်ချိန် ၁၃ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး တန်ချိန် သုံးသန်းနီးပါး ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
တခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်ရေးနှင့် ပြည်ပသို့တင်ပို့သောဆန်ဈေးနှုန်းစသည်တို့တည်ငြိမ်ရန် အရေးကြီးပါသည်။
မြန်မာဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းအခြေအနေများထက် အထွက်နှုန်း ထုတ်လုပ်မှုကုန်ကျစရိတ်တို့တွင် အခက်အခဲများစွာရှိနေသည်။
ဤကဲ့သို့ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်းကြောင့် တောင်သူများမှာ ဝင်ငွေနှင့် အကျိုးအမြတ်ရရှိမှုလျော့နည်းနေကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ အပင်များတွင် ပိုးမွှားများကျရောက်မှုစသည့် အခြေအနေများက တောင်သူများအတွက် ဆုံးရှုံးမှုအလေအလွှင့်များဖြစ်နေကြောင်း တောင်သူများ၏ ဆုံရှုံးနိုင်မှုအခြေအနေမှ အကာအကွယ်ပေးရန် အာမခံစနစ် ဆောင်ရွက်ပေးသင့်သည်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရပါသည်။
ထို့အပြင် ကမ္ဘာ့ဆန်လက်ကျန်မှာ တန်ချိန်သန်း ၁၇၀ ခန့်အထိရှိလာပြီး ယင်းလက်ကျန်၏ ၆၀ ရာခိုင်နှုန်းခန့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ National Reserve ဖြစ်နေကြောင်း၊ ထို့ကြောင့်တရုတ်နိုင်ငံက အရန်ဆန်ကို ထုတ်ရောင်းပါက ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ကြီးမားစွာထိခိုက်နိုင်ကြောင်း၊ ပြည်တွင်းမှ ဆန်ကိုပြည်ပဈေးကွက်သို့တင်ပို့မှုကိုလည်း ထိခိုက်စေနိုင်သည့်အတွက် ယင်းအခြေအနေများမှ လျော့နည်းစေရန် အစိုးရချင်း G to G MoU လက်မှတ်များရေးထိုးခြင်း၊ သိုလောင်ရုံများတည်ဆောက်၍ ကြိုတင်လုပ်ဆောင်သင့်ကြောင်း၊ ကမ္ဘာ့ဆန်သုံးစွဲမှုမှာ တစ်နှစ်လျှင် သန်း ၅၀၀ နီးပါးအထိ တိုးတက်ရောက်ရှိနေပြီး နိုင်ငံအသီးသီး၏ ပြည်ပတင်ပို့မှုပမာဏမှာ ၄၆ သန်းခန့်သာရှိနေကြောင်း သိရပါသည်။
Myawaddy