ပြည်ပသို့ နှစ်လကျော်အတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ သန်း ၁၈၀ ကျော်ရရှိ


26 June, 2018

နှစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းကျော်အထိ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၈ ရက်အထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် တန်ချိန် ၅ ဒသမ ၂၈၄ သိန်းကျော် တင်ပို့မှုမှ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၁၂ သန်းအထိ ရရှိထားကြောင်း သိရပါသည်။

၎င်းတင်ပို့မှုပမာဏအနက် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂ ဒသမ ၇၈ သိန်းကျော် တင်ပို့ထားပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိထားပြီး ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၂ ဒသမ ၄၉၈ သိန်း တင်ပို့ထားပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၈၂ သန်းနီးပါး ရရှိထားကြောင်း သိရပါသည်။

တရုတ်နိုင်ငံအဖြေင့် MSP (Minimum Support Price) ကို လျော့ချလိုက်သောကြောင့် ဧပြီနှင့် မေနှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်တင်ပို့မှု ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါသည်။

၂၀၁၈ ခုနှစ် နှစ်လကျော်အထိ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၅၀ သို့ ဆန်နှင့် ဆန်ကွဲတင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပ ဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိရှိလာခဲ့ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် လာမည့် ၂၀၂၀-၂၀၂၁ တွင် ဆန်တန်ချိန် လေးသန်း တင်ပို့နိုင်ရေးနှင့် ဆန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ဝင်ငွေရရှိစေရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါသည်။

 Eleven

Export, Import Read 1222 times