၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် သုည ဒသမ ၁၃၆ သန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ ၁၇၉ သန်းကျော် အထိ ရရှိထားကြောင်း သိရပါသည်။
ကမ္ဘာ့ ရော်ဘာဈေးနှုန်းကျဆင်းနေခြင်းကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း ကျဆင်းနေခြင်းဖြစ်ပြီး လက်ရှိ ပြည်တွင်းရော်ဘာဈေးနှုန်းသည် တစ်ပေါင်ကို ကျပ် ၇၆၀ သာရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါသည်။
ယခုနှစ်အတွင်း ပြည်တွင်းရော်ဘာဈေးသည် တစ်ပေါင်ကို ကျပ် ၈၅၀ အထိ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ပုံမှန်အားဖြင့် တစ်ပေါင်ကို ကျပ် ၈၀၀ ဝန်းကျင်ရှိကြောင်း သိရပါသည်။
နိုင်ငံတကာရော်ဘာဈေးသည် တစ်တန်ကို ဒေါ်လာ ၁၅၀၀ မှ ၁၆၀၀ ကြားသို့ကျဆင်းနေသည့်အတွက် ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း တစ်ပေါင်ကို ကျပ် ၇၆၀ သာရှိတော့ကြောင်း သိရပါသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်း နှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ၈ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိကတင်ပို့ရသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံများ၌ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရပါသည်။
Source: Eleven