မြန်မာ့ရော်ဘာတင်ပို့မှုအခြေအနေ


18 June, 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၄၀၀၀၀ ခန့်အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခင်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ရော်ဘာတန်ချိန် ၈၀၀၀၀ မှ ၉၀၀၀၀ ခန့်သာ တင်ပို့ခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ပြည်ပသို့ရော်ဘာတန်ချိန် ၁၃၀၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မတ် ၂ ရက်အထိ ပြည်ပသို့ရော်ဘာတန်ချိန် ၁၃၆၀၀၀ ကျော်တင်ပို့ထားပြီး တန်ဖိုးဒေါ်လာ ၁၇၉ သန်းအထိ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ သိရပါသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၅၀၀၀ ခွဲကျော်တင်ပို့မှုမှ ဒေါ်လာ ၂၁၈ သန်းရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၄၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်းရရှိခဲ့ကြောင်း သိရပါသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၇၅၀၀ ကျော်တင်ပို့မှုမှာ ဒေါ်လာ ၁၁၂ သန်း ရရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၈၅၀၀ ကျော်တင်ပို့မှုမှဒေါ်လာ ၁၀၁ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိတွင် ပြည်တွင်းရော်ဘာဈေးနှုန်းတစ်ပေါင်ကို ကျပ် ၇၀၀ ဝန်းကျင်သာရှိပြီး ငါးလတာကာလအတွင်း ရော်ဘာတစ်ပေါင်ကို ကျပ် ၁၅၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါသည်။

ယခုကဲ့သို့ပြည်တွင်းရော်ဘာဈေးနှုန်းများ သိသိသာသာကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

ပြည်တွင်းတွင် တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းတွင် အသုံးပြုလျက်ရှိပြီး အဓိကတင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကိုတရုတ်နိုင်ငံအပြင် ဒေသအတွင်းနိုင်ငံများဖြစ်သော မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရပါသည်။

Daily Eleven

Export, Import Local News Read 483 times