တရုတ်နိုင်ငံမှအဝယ်နည်းသဖြင့် ပြည်တွင်းရော်ဘာဈေးနှုန်းကျဆင်းနေသည်ဖြစ်ရာ ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းလာကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှသတင်းရရှိသည်။
၂၀၁၇ နှစ်စတွင်ပြည်တွင်းထုတ်ရော်ဘာကုန်ကြမ်းတစ်ပေါင်လျှင်ကျပ် ၁,၂၀၀ ကျော်ရှိသော်လည်း ဧပြီလလယ်၌ ကျပ် ၉၀၀ အောက်သို့ကျဆင်းလာသည်ဟုရော်ဘာကုန်သည်အချို့ကပြောသည်။
တရုတ်နိုင်ငံမှဝယ်လိုအားကျချိန်တွင်ထိုင်းနိုင်ငံမှသိုလှောင်ထားသည့်ရော်ဘာကုန်ကြမ်းတန်ချိန်နှစ်သိန်းကိုဈေးကွက်တွင်ထုတ်ရောင်းလာသဖြင့် နိုင်ငံတကာဈေးကွက်တွင်လေးလကျော်အတွင်း ရော်ဘာကုန်ကြမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ကျော်ကျဆင်းခဲ့သောကြောင့် ပြည်တွင်းဈေးလည်း ကျဆင်းလာခြင်း ဖြစ်သည်။
ရော်ဘာဈေးမှာလောလောဆယ်အချိန်တွင်အကျဘက်ကိုရောက်နေသော်လည်းလက်ရှိဈေးမှာဆိုးရွားမှုမရှိသေးကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူးမှပြောကြားသည်။
မြန်မာနိုင်ငံမှထုတ်လုပ်သည့်ရော်ဘာကုန်ကြမ်းသည် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့နေပြီး တစ်နှစ်လျှင်တန်ချိန်ခုနစ် သောင်းမှ ရှစ်သောင်းခန့်ရှိကြောင်းသိရသည်။
နိုင်ငံတကာဈေးကွက်တွင် ရော်ဘာကုန်ကြမ်းဈေးတည်ငြိမ်စေရန် အရှေ့တောင်အာရှတွင်ရော်ဘာကုန်ကြမ်း အများဆုံး တင်ပို့နေသည့် ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှတာဝန်ရှိသူများက ယခုရက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ရော်ဘာကုန်ကြမ်းဈေးကျသော်လည်း ထုတ်လုပ်မှုလျှော့ချရန်မရှိကြောင်း၊ ပြည်တွင်းပေါက်ဈေးသည် ယခင်နှစ်များထက် ပိုမိုရရှိနေခြင်းကြောင့်ထုတ်လုပ်မှုများလျော့ကျမည်မဟုတ်ကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံ၏ ရော်ဘာထုတ်လုပ်မှုသည် ယခုနှစ်တွင်ဧကခုနစ်သိန်းကျော်ရှိပြီး ရော်ဘာကုန်ကြမ်း တန်ချိန်တစ်သိန်းခွဲခန့် ထွက်ရှိနိုင်သည်ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းက ခန့်မှန်းထားကြောင်းသိရသည်။
Source:7daily