မြန်မာ့ပို့ကုန်ကဏ္ဍရဲ့လက်ရှိအခြေအနေ


03 August, 2018

မြန်မာ့ပို့ကုန်ကဏ္ဍတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် တင်ပို့မှုပမာဏရော၊ တန်ဖိုးမှာပါ ပြီးခဲ့တဲ့နှစ်တွေကထက် မြင့်တက်လာပေမယ့်ကုန်သွယ်မှုလိုငွေက တောက်လျှောက် ရှိနေဆဲပါ။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် တင်သွင်းလာတဲ့ ကုန်ကြမ်းကတင် သွင်းကုန်စုစုပေါင်းရဲ့ ၄၈ ရာခိုင်နှုန်းရှိနေသလို သွင်းကုန်ကိုလည်း လက်ရှိအနေအထားထက်ပိုလျော့ဖို့ မဖြစ်နိုင် တော့ဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်မြှင့်တင်ရေးဌာနရဲ့ ညွှန်ကြားရေးမှုး ဦးဝင်းမြင့်က သြဂုတ်လ၂ရက်နေ့ စီးပွားရေးသတင်းသမားတွေနဲ့ တွေ့ဆုံစဉ်က ပြောခဲ့ပါတယ်။

လုပ်ဆောင်ရမည့်အချက်များ

***************

ဒီတော့ပို့ကုန်ကဏ္ဍထဲက အမယ်တစ်ခုချင်းကို တိုးမြှင့်တင်ပို့နိုင်အောင်လုပ်ဖို့ကိုပဲ အဓိကထား သွားရမယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ အလားအလာရှိတဲ့ ပို့ကုန်အမျိုးအမည်တွေ ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနိုင်ဖို့အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ စီမံကိန်းတွေက တဆင့်ဆောင်ရွက်နေသလို နိုင်ငံတကာဈေးကွက်တွေလည်းရှိနေပေမယ့် မြန်မာ့ ပို့ကုန်ကဏ္ဍက အားရစရာကောင်းတဲ့အနေအထားရောက်မလာသေးတာကို တော့ ကိန်းဂဏန်းတွေကတဆင့် မြင်သာနေပါတယ်။

အဓိကအခက်အခဲကဘာတွေလဲ။ ဥရောပနဲ့ အမေရိကဈေးကွက်ကို တိုက်ရိုက်ပြန်လည်တင်ပို့ခွင့်ရလာတာ၊ ၂၀၁၃လောက်တည်းကစပြီး အကောက်ခွန် ကင်းလွတ်ခွင့်တွေရခဲ့တာတောင် ဘာတွေအတားအဆီးရှိနေသေးလို့လဲ။

အခက်အခဲများ

*********

ဦးဝင်းမြင့်ကတော့ အစိုးရဌာနဆိုင်ရာ အရာရှိတစ်ဦးရဲ့အမြင်နဲ့ အခက်အခဲတွေကို ပြောပြသွားခဲ့ပါတယ်။

• ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်မှာ ဆန်တင်ပို့မှု စံချိန်တင်ခဲ့ပေမယ့် လာမယ့်နှစ်ဈေးကွက်ရဲ့ တောင်းဆိုမှုအတိုင်း ထပ်တူညီတဲ့ပမာဏကို တင်ပို့ဖို့ ပြည်တွင်းရောင်းချသူတွေဖက်က အာမမခံနိုင်ပါဘူး။ အဓိကကတော့ ဝယ်လိုအားနဲ့ ကိုက်ညီတဲ့ ရောင်းလိုအားရှိမနေတာပါ။

• ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာလည်း ကန့်သတ်ချက်တွေဖြစ်နေပါတယ်။ နယ်စပ်ကနေ တင်ပို့ဖို့ တစ်နှစ်ပတ်လုံးသွားလာနိုင်တဲ့ ကားလမ်းတွေရှိနေပြီလား။ ပင်လယ် ရေကြောင်းအရဆိုရင်ရော ကုန်တင်သင်္ဘောတွေအတွက် တန်ချိန်သတ်မှတ်ချက်ပမာဏက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ။

• ပို့ကုန်အရည်အသွေးပိုင်းအတွက်ရော။ ဥပမာ စိုက်ပျိုးရေးထွက်ပို့ကုန်ဆိုရင် စတင်စိုက်ပျိုးချိန်ကနေ သီးနှံပေါ်ချိန်အထိ အသွေးမှန်ကန်တဲ့ အရည်အသွေးတွေရဖို့ လေ့လာစမ်းစစ်မှုတွေ ဘယ်လောက်ထိရှိနေလဲ။ ရေထွက်ကုန်တင်ပို့မှုမှာဆိုရင်တော့ ပြည်တွင်းမှာ စက်ရုံပေါင်း ၁၀၀ကျော်ရှိနေပေမယ့် ဥရောပဈေးကွက်ကိုပို့ဖို့ ထုတ်လုပ်နေတဲ့ စက်ရုံက ၁၉ ရုံလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

• နောက်တစ်ချက်ကတော့ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးကျင့်ဝတ်မှုကို မလိုက်နာကြတာပါ။ စာချုပ်ပါအချက်အလက်တွေနဲ့ မကိုက်ညီပဲ အရည်အသွေးမမှီတဲ့ အရောအနှောပစ္စည်းတွေ ရောင်းချလိုက်တာကြောင့် မြန်မာပြည်ကပို့လိုက်တဲ့ ကွန်တိန်နာတွေ နိုင်ငံခြားဈေးကွက်မှာ reject ထိပြီး ပြန်ပို့လိုက်ရာတာမျိုးလည်းရှိတယ်လို့ သူကဆိုပါတယ်။

Source:band post

Export, Import Industry Reviews Read 692 times