မြန်မာ့ကွမ်းသီး ပို့ကုန်ဈေးကွက်ကို ဝင်လုလာသည့် အင်ဒိုနီးရှား ကွမ်းသီးများ


28 January, 2019

မြန်မာကွမ်းသီးများ အဓိက အားထားတင်ပို့နေရသည့် အိန္ဒိယဈေးကွက်သို့ အင်ဒိုနီးရှားကွမ်းသီးများ အလုံးအရင်းဝင်ရောက်၍ ဈေးကွက်နေရာ ယူနေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ မြန်မာ့ကွမ်းသီးဈေးကွက်ကို ဝင်လုနေသည့် အင်ဒိုနီးရှား ကွမ်းသီးဝင်ရောက်လာမှုကို မြန်မာအစိုးရက မထိန်းချုပ်နိုင်သေးပေ။မြန်မာနိုင်ငံက ပင်ရင်းထွက်ကုန် ကွမ်းသီးကို နယ်စပ်ထွက်ပေါက်များမှ တင်ပို့ရာတွင် အိန္ဒိယအစိုးရက အခွန်သုည ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာမှ တတိယနိုင်ငံ (အင်ဒိုနီးရှား) က ကွမ်းသီးများ ဝင်ရောက်လာမှုများ စုံစမ်းတွေ့ရှိရသဖြင့် လွန်ခဲ့သောတစ်နှစ်ကျော်ကစ၍ အခွန်ကို ၄ဝ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံခဲ့သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံက ဖြတ်ကျော်၍ အင်ဒိုနီးရှားကွမ်းသီး အိန္ဒိယဈေးကွက်အတွင်း တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်ရန် နယ်စပ်ဂိတ်ပေါက်များကို အိန္ဒိယအစိုးရက မကြာခဏ ပိတ်ခဲ့သည်။

 အိန္ဒိယအစိုးရဘက်က နယ်စပ်ဂိတ်များ၊ နယ်စပ်ဖြတ်ကျော် တံတားများလက်ရှိတွင် ပိတ်ထားဆဲဖြစ်ရာ မြန်မာ့ကွမ်းသီးများ နယ်စပ်တွင် စုပုံနေပြီးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု နယ်စပ်ကုန်သည်များက မြန်မာတိုင်း(မ်)ကို ပြောသည်။မြန်မာ−အိန္ဒိယနယ်စပ်၌ ကုန်သွယ်မှုပြုရာတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ချင်းပြည်နယ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းတို့က မြန်မာ့ကွမ်းသီးကို အဓိကပို့ကုန်တစ်ခုအဖြစ် တင်ပို့နေရသည်။ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံအတွက် အခြားနယ်စပ် ကုန်သွယ်ရေးစခန်းများနှင့်နှိုင်းယှဉ်လျှင် ကုန်သွယ်မှုပမာဏ နည်းသော်လည်း ယင်းနယ်စပ်ရှိ ဒေသခံများအတွက် အရေးပါသော ထွက်ပေါက်ဖြစ်သည်။

ချင်းပြည်နယ်ရှိ ရိဒ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ရိဒ်ခေါဒါရ်မြို့ရှိ မြန်မာ−အိန္ဒိယနယ်စပ် တံတားပေါ် ယာဉ်ဖြတ်သန်းခွင့်ကို အိန္ဒိယအစိုးရက ၂ဝ၁၈ ခုနှစ်၊ မေလအတွင်း စတင်ပိတ်ထားခဲ့ရာ ယခုတိုင် ပိတ်ပင်ထားဆဲဖြစ်သည်။အလားတူ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းကိုလည်း တတိယနိုင်ငံက ကွမ်းသီးဝင်ရောက်မှု ပြဿနာကြောင့် ကုန်သွယ်ရေးပေါက် မကြာခဏပိတ်ပင်ခဲ့ပြီး ယခုတစ်ကြိမ် ပိတ်ထားသည်မှာ နှစ်လခန့် ရှိနေပြီဖြစ်ရာ တမူးနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

''အခြေအနေက လုံးဝမကောင်းဘူး။ အင်ဒိုနီးရှားကွမ်းသီးတွေက ဒလဟောဝင်လာတယ်ဆိုရင် အစ်မတို့ မြန်မာကွမ်းသီးတွေက ဈေးတွေကျ၊ မရောင်းနိုင်၊ မဝယ်နိုင်ဖြစ်တယ်။ မြန်မာကုန်သည် အချင်းချင်းပဲ ရောင်းကြဝယ်ကြနဲ့ အရင်တုန်းက နှစ်ကျပ်မြတ်ရင် အခု ငါးမူး အမြတ်ကလေးနဲ့ စားဝတ်နေရေး ပြေလည်အောင် အဲဒီလို လုပ်နေရတယ်။ ဒီကြားထဲ အိန္ဒိယနိုင်ငံဘက်ကလည်း ပိတ်သွားတဲ့အတွက် မသွားရဘူးဆိုတော့ ပိုပြီးအခက်အခဲဖြစ်လို့ အရောင်းအဝယ်က လုံးဝရပ်တန့်နေရတယ်''ဟု တမူးနယ်စပ်က ကွမ်းသီးကုန်သည်တစ်ဦးက ပြောသည်။အဆိုပါအခြေအနေများကြောင့် တမူးနယ်စပ်တွင် မြန်မာကွမ်းသီးများ စုပုံနေမှု အိတ်ရေ သိန်းဂဏန်ခန့်ရှိပြီး ဂိုဒေါင်များတွင် ကွမ်းသီးများ ပြည့်နေသည့်အပြင် သိုလောင်ရန် ဂိုဒေါင်မလောက်င၍ ပြင်ပတွင် စုပုံထားကြရသည်ဟု အမည်မဖော်လိုသည့် တမူးနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

 ယခင်ကလည်း အိန္ဒိယဘက်က အစစ်အဆေးများချိန်တွင်ပိတ်ပြီး စစ်ဆေးမှုနည်းချိန်တွင် ပြန်ဖွင့်ရာ တည်ငြိမ်မှုမရှိပေ။ အိန္ဒိယဘက်ခြမ်းတွင် နယ်စပ်အဖွဲ့အစည်းများသည့်အတွက် နှစ်စဉ် ယခုကာလအချိန်တွင် နယ်စပ်ဂိတ် ပိတ်နေကျဖြစ်သည်ဟု ကလေး−တမူး နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူများက ဆိုသည်။ရိဒ်နှင့် တမူးနယ်စပ်စခန်းမှ ကွမ်းသီးများ အိန္ဒိယသို့ တင်ပို့ရာတွင် ၂ဝ၁၃−၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၆,၅ဝဝ ကျော်၊ ၂ဝ၁၄−၁၅ တွင် ၃၁,၆ဝဝ ခန့်နှင့်၂ဝ၁၅−၁၆ တွင် တန်ချိန် ၃ဝ,ဝဝဝ ကျော်သာ ရှိခဲ့ရာမှ ၂ဝ၁၆−၁၇ ခုနှစ်တွင် တန်ချိန် ၄၇,ဝဝဝ ခန့်၊ ၂ဝ၁၇−၁၈ ခုနှစ်တွင် တန်ချိန် ၄ဝ,ဝဝဝ ခန့် တင်ပို့ထားသည်ဟု ကလေး−တမူးနယ်စပ်ကုန်သွယ်ရေးအသင်းထံမှ သိရသည်။

 မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီးထွက်ရှိမှုမှာ တန်ချိန် ၁ဝ,ဝဝဝ ခန့်သာရှိပြီး ကျန်ပမာဏသည် အင်ဒိုနီးရှားကွမ်းသီးများ ထိုင်းနယ်စပ်ရှိ မြဝတီမှတစ်ဆင့်မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကာ အိန္ဒိယသို့ ပြန်လည် တင်ပို့သော ကွမ်းသီးများဖြစ်သည်ဟု နယ်စပ်ကုန်သွယ်ရေးအသင်းက ဆိုသည်။လွန်ခဲ့သော လေးနှစ်ခန့်က အင်ဒိုနီးရှားကွမ်းသီးများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ မြန်မာ့ကွမ်းသီးဈေးကွက်ရှိရာ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြောင်း၊ ပြီးခဲ့သော နှစ်နှစ်အတွင်း ပိုမိုများပြားစွာ ဝင်ရောက်လာခဲ့သည်ဟု တမူးနယ်စပ်ရှိ ကွမ်းသီးကုန်သည် အမျိုးသမီးတစ်ဦးက ဆိုသည်။

''တမူးနယ်စပ်ရှိ ကွမ်းသီးပြဿနာသည် တစ်နှစ်ကျော်ပြီဖြစ်ပြီး အင်ဒိုနီးရှားကွမ်းသီးများ မြန်မာပြည်ကို တရားမဝင်ဖြတ်ဝင်၍ အိန္ဒိယနိုင်ငံသို့ သွားနေမှုများကို တားဆီးပေးရန် တမူးနယ်စပ် ကုန်သွယ်ရေးအသင်းက ဒုတိယသမ္မတအထိ တင်ပြခဲ့သော်လည်း ယခုချိန်ထိ မှောင်ခိုသွားနေမှုများ ရှိနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် တမူးနယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။''မြန်မာနိုင်ငံအတွက်ရထားတဲ့ ဈေးကွက်တစ်ခုမှာ တခြားနိုင်ငံက အင်ဒိုနီးရှား၊ ထိုင်း ကွမ်းသီးတွေ ကျွန်တော်တို့ဈေးကွက်ကို တရားမဝင် ဝင်ပြီးမှ လုယူသွားတယ် ပြောရမယ်။ ဒုသမ္မတအဆင့်ထိ တင်ပြီးပြီ။ အဲဒီက သေသေချာချာလေး ထိန်းကျောင်းပေးဖို့လိုတယ်လို့ ပြောချင်တယ်။ အဲဒီလိုမှမဟုတ်ရင် ကြာရင် တတိယနိုင်ငံ ကွမ်းသီးတွေက အိန္ဒိယဈေးကွက်ကို ထိုးဖောက်ပြီး အကုန် အုပ်သွားမှာ။ မြန်မာကွမ်းသီးတွေလည်း ဈေးကောင်းမရတော့ဘူး''ဟု ၎င်းက ပြောသည်။

အိန္ဒိယအစိုးရသည် တတိယနိုင်ငံက ကွမ်းသီးလက်မခံ၍ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ခြင်း၊ အခွန်နှုန်းထားများ အဆမတန် တိုးမြှင့်ခြင်းများ လုပ်ဆောင်သော်လည်း တစ်ဖက်တွင် တတိယနိုင်ငံက ကွမ်းသီးဝင်ရောက်မှုကို လက်ခံနေသည်ကို တွေ့ရှိရကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။''အိန္ဒိယက တတိယနိုင်ငံက ကွမ်းသီး လက်မခံဘူးလို့သာ ပြောနေတာ။ ရိဒ်ကလည်း လက်ခံတယ်။ တမူးကလည်း လမ်းဖွင့်ရင် သွားတာပဲ။ အိန္ဒိယကိုဝင်တဲ့ဟာတွေက သုံးပုံပုံ နှစ်ပုံက တခြားနိုင်ငံက ကွမ်းသီးတွေ ဖြစ်တယ်။ တစ်ပုံတောင် မြန်မာနိုင်ငံက ကွမ်းသီးက မရှိလောက်ဘူး။ အင်ဒိုနီးရှားကွမ်းသီးက ကား ငါးစီးဆိုရင် ကျွန်မတို့ဘက်က မြန်မာကွမ်းသီး ကားတစ်စီးလောက်ပဲ သွားတယ်''ဟု တမူးကွမ်းသီးကုန်သည်က ဆိုသည်။

 ယခုအခါ ရိဒ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အိန္ဒိယဘက်က အခွန်ကိစ္စများမရှိတော့ဘဲ ကုန်စည်များ အဝင်ခံ၍ ကုန်စည်ပြဿနာ ပြေလည်သွားပြီဖြစ်သော်လည်း နယ်စပ်ဖြတ်ကျော် တံတားဖြတ်သန်းခွင့် ပိတ်ပင်ထားဆဲဖြစ်ရာကားဝင်၍မရဘဲ ကုန်စည်များကို အလုပ်သမား၊ လှည်းများဖြင့် တံတားအောက်က သယ်ယူရသည့်အတွက် ဝန်ဆောင်ခစရိတ် ပိုမိုကုန်ကျပြီး ကုန်သည်များအတွက် လုံးဝအဆင်မပြေကြောင်း ချင်းပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးအသင်း အတွင်းရေးမှူး ဦးကပ်နိုးက ပြောသည်။''ကားနဲ့ ဝင်လို့မရတဲ့အတွက် ဟိုဘက်ကကုန် ဒီဘက်ထမ်းသွင်း၊ ဒီဘက်ကကုန်ကို ဟိုဘက်ထမ်းပို့ အဲဒီပြဿနာတွေ ရှိနေတယ်။ မသွားတာတော့ မဟုတ်ဘူး၊ သွားတယ်။ အဲဒီလိုအခက်အခဲဖြစ်နေတယ်''ဟု ၎င်းက ဆိုသည်။

''နယ်စပ်တိုင်းကတော့ ဒီအတိုင်းပါပဲ။ ကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားအရတော့ မည်သည့်နယ်စပ်ပေါက်မှ အသာစီးရတယ်ဆိုတာ မရှိပါဘူး''ဟု တမူးနယ်စပ်ကုန်သွယ်ရေးအသင်း ဘဏ္ဍာရေးမှူးက ဦးဇော်ဌေးက ပြောသည်။အိန္ဒိယကုန်သည်များ၏ ပြောဆိုချက်အရ အိန္ဒိယဘက်က တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး ယခုဇန်နဝါရီလကုန်တွင် ဖွင့်လာနိုင်ကာ လိုင်စင်ဖြင့် တရားဝင်ကုန်သွယ်မှုနည်းဖြင့် လက်ခံဆောင်ရွက်မည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။ကွမ်းသီးအခွန်နှုန်းထား သတ်မှတ်မှုကို လတ်တလော အတိအကျ မသိရှိရသေးသော်လည်း လက်ရှိ ၄ဝ ရာခိုင်နှုန်းထက် လျှော့ချသည့် နှုန်းထားဖြင့် လုပ်ဆောင်မည်ဟု သိရကြောင်း ဦးဇော်ဌေးက ဆိုသည်။

တစ်ဖက်တွင်လည်း ချင်းပြည်နယ်သည် ကုန်သွယ်ရေးဂိတ်ပေါက်အဖြစ် ရိဒ်နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ပေါက်တည်းရှိသည့်အတွက် ယခုကြုံတွေ့နေရသည့် ကုန်သွယ်ရေးဂိတ် ပြဿနာအပြင် တီးတိန်နှင့် ရိဒ်ကားလမ်းသည် နှစ် ၅ဝ ကြာမြင့်နေပြီဖြစ်ရာ မိုးရာသီတွင် ဖြတ်သန်းသွားလာ၍ မရကြောင်း၊ မိုးတွင်းခြောက်လ ကုန်သွယ်မှုပမာဏထက် ဆောင်းရာသီ သုံးလတာအတွင်း ကုန်သွယ်မှုက ပိုများကြောင်း၊ ယင်းကားလမ်း ပြင်လိုက်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ကုန်သွယ်မှုသည် နှစ်ဆ၊ သုံးလ မြင့်တက်လာမည်ဟု ဦးကပ်နိုးက ပြောသည်။အဆိုပါ ကားလမ်းပိုင်းပြင်ဆင်ရန် ချင်းပြည်နယ်တွင် ဘတ်ဂျက်ရှိပြီးသားဖြစ်သော်လည်း လုပ်ကိုင်ခြင်းမရှိကြောင်း၊ ယင်းကိစ္စရပ်နှင့် အိန္ဒိယဘက်က တစ်ဖက်သတ်ကုန်သွယ်မှု ပိတ်ပင်ထားခြင်းကို သက်ဆိုင်ရာဌာနက ညှိနှိုင်းပေးရန် ယခုလအတွင်း ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကုန်သည်အသင်းများတွေ့ဆုံရာတွင် ချင်းပြည်နယ် နယ်စပ်ကုန်သွယ်ရေးအသင်းက တင်ပြတောင်းဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

 ''သူတို့ စုံစမ်းပေးမယ်။ စုံးစမ်းပြီး လိုတာဆောင်ရွက်ပေးမယ်လို့ ဒုတိယသမ္မတရော၊ စီးပွား/ကူးသန်းကပါ ပြောပါတယ်''ဟု ဦးကပ်နိုးက ပြောသည်။ယင်းကိစ္စများနှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

 

Local News Export, Import Read 435 times