မြန်မာ့သြဘာ၏ စက်ရုံက ပြည်တွင်းအတွက် စိုက်ပျိုးရေးသွင်းအားစု ဖြည့်ဆည်ပေးမည်


23 August, 2018

မြန်မာနိုင်ငံ၌ လိုအပ်နေသည့် စိုက်ပျိုးရေးသွင်းအားစုများ၏ ၅၀ ရာခိုင်နှုန်းအား ဖြည့်ဆည်းပေးနိုင်မည့် စက်ရုံကို မှော်ဘီမြို့နယ်၌ သြဂုတ် ၁၉ ရက်နေ့တွင်မြန်မာ့သြဘာက ဖွင့်လှစ်ခဲ့သည်။

မှော်ဘီ စိုက်ပျိုးရေးသွင်းအားစု ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ဖျော်စပ်ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး တောင်သူများ၏ လက်ရှိ သွင်းအားစုကုန်ကျစရိတ်များအား ပျမ်းမျှ ၂၀ ရာခိုင်နှုန်းခန့်အထိ သက်သာစေမည်ဟု မြန်မာ့သြဘာက ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် စိုက်ပျိုရေးလုပ်ငန်းသုံးဆေး အရည်အမျိုးအစားအစုံ လီတာပေါင်း ၁၀ ဒသမ ၃ သန်းနှင့် ဆေးအမှုန့်မျိုးစုံ ၅ ဒသမ ၅ တန်အား အဆိုပါစက်ရုံက ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပိုးမွှားရောဂါ ကျရောက်မှုများ ပိုမိုများပြားလာသည်နှင့်အမျှ သွင်းအားစုများလိုအပ်ချက်မှာ ပိုမိုအရေးပါလာကြောင်း မြန်မာ့သြဘာလုပ်ငန်းစု၊ ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောကြားသည်။

ထို့ပြင် ရုတ်တရက်ကျရောက်သော ရောဂါ ပိုးမွှားများ ဖြစ်ပေါ်လာပါက ဖြစ်ပွားသည့် အခြေအနေနှင့် လျှော်ညီစွာ အလျင်အမြန်ကာကွယ်နိုင်ရေးအတွက် စက်ရုံကထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါစက်ရုံမှ စိုက်ပျိုးရေးသုံး အရည်အသွေးမြင့် သွင်းအားစုများ ထုတ်လုပ်နိုင်ရန် အဆင့်မြင့် နည်းပညာများ အသုံးပြုထားပြီး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ဟော်မုန်းဆေး အမျိုးအစား (၂၀၀)ကျော်ကို ထုတ်လုပ်သွားမည်ဟုဆိုသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှ စိုက်ပျိုးရေးထုတ်ကုန်ုများ ပိုမိုတိုးတက်ထွက်ရှိရေးမှာ စိုက်ပျိုးရေးဧရိယာ တိုးချဲ့ရုံသာမက တစ်ဧက အထွက်နှုန်းများလည်း ပိုမိုတိုးတက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့တိုးတက်စေရန် အရည်အသွေးပြည့်ဝသည့် သွင်းအားစုများ လုံလောက်စွာ သုံးစွဲနိုင်ရေးမှာ အရေးပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အဆိုပါစက်ရုံအတွက် မြန်မာ့သြဘာလုပ်ငန်းစုမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)က ဒေါ်လာ ၁၀သန်း၊ စုစုပေါင်း ဒေါ်လာ ၃၅ သန်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

Source: frontier myanmar

Local News Agriculture & Livestock Read 687 times