မြန်မာ့စီးပွားရေး နာလံထူနိုင်မည့် လမ်းကြောင်းပေါ် တဖြည်းဖြည်းရောက်ရှိလာ


30 October, 2018

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ကကျဆင်းခဲ့ပြီးနောက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကြေးဖောင်းပွမှု အသင့်အတင့်ရှိခဲ့သော်လည်း ပြည်သူ့ရေးရာ အသုံးစရိတ်များတိုးချဲ့ခြင်းနှင့် ပို့ကုန်များကြောင့် နာလန်ထူနိုင်မည့် လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ကြောင်း အာဆီယံ+၃ မက်ခရို စီးပွားရေးသုတေသနရုံး (AMRO) ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲ အစီရင်ခံစာတွင် သုံးသပ်ချက်အရ သိခဲ့ရပါသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဟောင်ကောင်၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ပါဝင်သော အာဆီယံ + ၃ ဒေသ၏ စီးပွားရေးလုံခြုံမှုနှင့် ငွေကြေးတည်ငြိမ်မှုကို အထောက်အကူပြုရန် AMRO ကို တည်ထောင်ထားခြင်းဖြစ်ပြီး မက်ခရိုစီးပွားရေး စောင့်ကြည့်ခြင်း၊ ဒေသဆိုင်ရာ ငွေကြေးအစီအစဉ်များ အကောင်အထည်ဖော်မှုကို အားပေး ကူညီခြင်းတို့အား ဆောင်ရွက်လျက်ရှိပါတယ်။

ထိုအစီရင်ခံစာသည် ၂၀၁၈ ခုနှစ်၊ မေ ၁၅ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော AMRO ၏ နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲခရီးစဉ်နှင့် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၉ ရက်အထိ ရရှိသော အခြေအလက်များအပေါ် အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါတယ်။ပြည်သူ့ရေးရာ အသုံးစရိတ်များတိုးချဲ့ခြင်းနှင့် ပို့ကုန်များ ဖွံ့ဖြိုးလာခြင်းအပြင် ကောင်းမွန်သော ရာသီဥတု အခြေအနေများကပံ့ပိုးပေးသော စိုက်ပျိုးရေးထုတ်လုပ်မှုများ နာလန်ထူလာခြင်းတို့ကြောင့် စီးပွားရေးသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်မူ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးခဲ့ပါတယ်။

တည်တံ့ခိုင်မာသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းများ၊ တိုးတက်သော ရင်းနှီးမြှုုပ်နှံမှုသဘောထား၊ ဆက်လက် ခိုင်မာလျက်ရှိသော အဝတ်အထည်ပို့ကုန်များနှင့် ပြည်တွင်းစားသုံးမှု ဖွံ့ဖြိုးလာခြင်းတို့၏ အထောက်အကူပြုမှုဖြင့် ၂၀၁၈ နှစ်ဝက် ကြားဖြတ်ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တို့တွင် ၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အသီးသီး ဦးမော့လာမည်ဟု ခန့်မှန်းထားခဲ့ပါတယ်။အဓိကအားဖြင့် ရခိုင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသည့် လူမျိုးစုတင်းမာမှုများနှင့် ကုန်သွယ်မှုနှင့် စွမ်းအင် ဈေးနှုန်းများနှင့် ဆက်စပ်သော ကမ္ဘာ့ပတ်ဝန်းကျင်ရှိ မသေချာမရေရာမှုများကြောင့် ဖွံ့ဖြိုးမှုအတွက် စွန့်စားရမှုများ ပေါ်ပေါက်လာပြီး ရင်းနှီးမြှုပ်နှံသူ သဘောထားဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။

“ထုတ်လုပ်မှုလမ်းကြောင်းကို ဦးတည်သော အဟန့်အတားများဖြစ်ကြတဲ့ ငွေလဲလှယ်နှုန်းဖိအားနဲ့ ရာသီဥတု အခြေအနေတွေက ငွေကြေးဖောင်းပွမှု မသေချာခြင်းရဲ့ အဓိက အရင်းအမြစ်တွေအဖြစ် ဆက်လက်တည်ရှိနိုင်ပါတယ်” ဟု AMRO ၏ ဦးဆောင်စီးပွားရေးပညာရှင် ဒေါက်တာလီဂျေယောင်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားတွင် မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ဘဏ်လုပ်ငန်း စည်းမျဉ်းစံနှုန်းများမြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများအကြား သွက်လက်၍ စွန့်စားမှုစီမံခန့်ခွဲရန် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များ မြင့်မားလျက်ရှိကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ (SEEs) မှ ထိန်းချုပ်ထားသောရငွေနှင့် အရှုံးပေါ်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများသို့ ဘဏ္ဍာငွေထောက်ပံ့မှုများသည် ဘဏ္ဍာရေးအခြေအနေအပေါ် ဆက်လက်၍ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်သည်ဟု AMRO က ဆိုသည်။မြန်မာနိုင်ငံအတွက် အလုံးစုံ စီးပွားရေးအလားအလာနှင့် ပတ်သက်၍ ယင်းအစီရင်ခံစာတွင် အရေးပါသည့် အကြောင်းအရာ နှစ်ခုအပေါ်ဆန်းစစ်မှု ပါဝင်ပြီး ယင်းတို့မှာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးလမ်းကြောင်းတို့ ဖြစ်ပါတယ်။

ပြည်တွင်း ကုန်ထုတ်လုပ်မှု ဝန်းကျင် နှင့် ကုန်သွယ်မှုထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်နှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲများဖြေရှင်ရန် နှင့် နိုင်ငံပိုင်လုပ်ငန်းများ ဝင်ငွေကျဆင်းနေသော်လည်း အသုံးစရိတ် မြင့်တက်လာမှု နှင့် ဆက်စပ်၍ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ဆောင်ရွက်ရန်တို့ကို AMRO က တိုက်တွန်း အကြံပြုထားခဲ့ပါတယ်။

frontier myanmar

Local News Read 2321 times