အရင်ဘဏ္ဍာနှစ်ထက် တစ်ဘီလျံကျော် ပိုမိုရရှိထားတဲ့ မြန်မာ့ပို့ကုန်တန်ဖိုး


06 May, 2019

မြန်မာနိုင်ငံမှ ပြည်ပကို လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ ( CMP ) နဲ့ အခြားပစ္စည်းများ စတာတွေကို အဓိကတင်ပို့ထားပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီလ ( ခြောက်လ ) အထိ မြန်မာနိုင်ငံအနေနဲ့ အဆိုပါပစ္စည်းတွေ တင်ပို့ခြင်းကနေ ဒေါ်လာ ၉.၆၀၅ ဘီလျံရရှိထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ပါတယ်။

လက်ရှိဘဏ္ဍာနှစ်ကာလ ခြောက်လအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ ၅.၂၈၄ ဘီလျံနဲ့ ပို့ကုန်တန်ဖိုး အများဆုံးရရှိထားပြီး အရင်နှစ်ကာလတူတုန်းကတော့ ဒေါ်လာ ၃.၈၉၅ ဘီလျံသာ တင်ပို့ထားနိုင်ခဲ့ပါတယ်။

လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁.၉၅၄ ဘီလျံနဲ့ ဒုတိယအများဆုံးရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုရရှိထားပါတယ်။

တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၂၈၀ နီးပါးရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် ပိုမိုရရှိထားပါတယ်။

ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၄၈၀ နီးပါးရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာ ၂၉ သန်းကျော် ပိုမိုရရှိထားပါတယ်။

အခြားပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၆၃၀ ကျော်ရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာ ၂၅၀ ကျော် လျော့ကာ ရရှိထားပါတယ်။

သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၁၀၀ နီးပါးရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာ ၁၁ သန်းကျော် လျော့နည်းခဲ့ပါတယ်။

သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၈၅၀ ကျော်ရရှိထားပြီး အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၂၀ ကျော် လျော့နည်းခဲ့ပါတယ်။

သစ်တောထွက်ပစ္စည်းနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေက နိုင်ငံပိုင်သယံဇာတထွက်ကုန်များ ဖြစ်တဲ့အတွက် ပြည်ပတင်ပို့မှုကို ကန့်သတ်ထားပါတယ်။ ဒါ့ကြောင့် အဲ့ဒီကဏ္ဍတွေမှ တင်ပို့မှုဟာ အရင်နှစ်တွေထက် လျော့နည်းနေတာဖြစ်ပါတယ်။

Ref: Ministry of Commerce

Export, Import Read 575 times