မြန်မာ့ပြည်အတွင်း ပထမဦးဆုံး နှမ်းအချောထည်စက်ရုံစဖွင့်


24 December, 2018

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် အီတလီနိုင်ငံအခြေစိုက် PC(Progetto Continenti) မြန်မာအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် တောင်သူများပိုင်ဆိုင်သည့် မြန်မာ့ပထမဆုံး နှမ်းအချောထည်စက်ရုံကို မကွေးတွင် ပထမဆုံးစတင်ဖွင့်လှစ်ခဲ့ပါတယ်။

စက်ရုံတည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ အပူပိုင်းဇုန်ဒေသများ ဆင်းရဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် တောင်သူများ၏ ထုတ်လုပ်မှုတိုးတက် တောင့်တင်းခိုင်မာစေရန်၊ထုတ်ကုန်ကွင်းဆက်တန်ဖိုးမြှင့်တင်ရန်၊ ပုဂ္ဂလိက နှင့် တောင်သူများပူးပေါင်းဆောင်ရွက်သည့်စနစ် ဖြစ်ပေါ်လာစေရန်ဖြစ်ပြီး၊ အဆိုပါ စက်ရုံမှထုတ်လုပ်သည့် ၁၀၀ ရာခိုင်နှုန်း သန့်စင်ပြီး နှမ်းများ၊ မျိုးသန့်စင်ပြီး နှမ်းများ၊ နှမ်းဆီ နှင့် နှမ်းထောပတ်များကို ပြည်တွင်း၊ ပြည်ပသို့ အရည်အသွေးမြှင့်တင်ကာ တင်ပို့နိုင်ရန်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရပါတယ်။

 “စက်ရုံကထွက်တဲ့ အရည်အသွေးပြည့်နှမ်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေတိုးပွားရေးကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။နှမ်းဆီကိုလည်း ပြည်တွင်းမှာစားသုံးဖို့ ဖြန့်ချိမှာဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ကျန်းမာပြီးအာဟာရ ပြည့်ဝရေးကိုလည်း ဖြည့်စွက်ပေးရာရောက်စေမှာ ဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပြချက်အရ သိရပါတယ်။ထိုစက်ရုံလည်ပတ်နိုင်ရေးအတွက် မကွေးတိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ရီလမှစတင်ကာ မြန်မာ့နှမ်းစိုက်တောင်သူများအသင်းကို မကွေးမြို့နယ်မှ ကျေးရွာ ၁၇ ရွာနှင့် မင်းဘူးမြို့နယ်မှ ကျေးရွာ ၁၃ ရွာရှိ တောင်သူ ၆၀ ဖြင့်ဖွဲ့စည်းခဲ့ပြီး ယင်းကျေးရွာများရှိတောင်သူများကို ရင်းနှီးစိုက်ပျိုးနိုင်ရန် PC မြန်မာမှ တစ်ရွာလျှင် ကျပ် ၂၈ သိန်းနှုန်းဖြင့် ချေးပေးခဲ့ရာ ယခုအခါ တစ်ရွာလျှင် ကျပ်သိန်း ၄၀ ကျော်ထိ တိုးပွားလာကြောင်း ယင်းကုမ္ပဏီထံမှ သိခဲ့ရပါတယ်။

 “နှမ်းအချောထည်စက်ရုံက နှမ်းဝယ်တဲ့အခါ ပေါက်ဈေးထက်ပိုပေးတယ်။ ပွဲခလည်းမယူဘူး။ သယ်ယူပို့ဆောင်တဲ့အခါမှာလည်း ကားလွှတ်ပေးတယ်။ အဘက်ဘက်က တောင်သူအကျိုးပြုတဲ့အတွက် လုပ်ရကိုင်ရတာ အဆင်ပြေတာပေါ့။ တောင်သူတွေအနေနဲ့ စိတ်ဝင်စားမှုများလာပါပြီ” ဟု မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာမှ ဦးကျော်မြင့်နိုင်က ပြောခဲ့ပါတယ်။နှမ်းအချောထည်ထုတ်လုပ်သည့်စက်ရုံတွင် တစ်နာရီလျှင်မက်ထရစ်တန် ၇ တန်ထိ ကုန်ချောထုတ်လုပ်မည်ဖြစ်ကြောင်း PC Myanmar ၏ စီမံကိန်းတာဝန်ခံ ဦးနိုင်ဝင်းလတ်က ပြောကြားသည်။“တောင်သူတွေနှမ်းရောင်းတဲ့အခါ ဒေသပေါက်ဈေးထက်ပိုပြီး အကျိုးအမြတ်ရတာကိုတွေ့ရတယ်။ စီမံကိန်းက ၃ နှစ်သာရှိပေမယ့် ကျွန်တော်တို့ စီမံကိန်းမရှိတော့တဲ့နောက်ပိုင်း ဒီဒေသမှာ အခိုင်အမာစက်ရုံကြီးတည်ဆောက်ခဲ့ပြီး ကျေးရွာပေါင်း ၃၀ အတွက် စက်ရုံကရလာတဲ့ အကျိုးအမြတ်တွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အကောင်အထည်ဖော်ဆောင်ရွက် သွားမှာပါ”ဟု ၎င်းက ဆိုခဲ့ပါတယ်။

အဆိုပါစက်ရုံကို ဖွင့်ပွဲပြီးချိန်မှ စတင်၍လည်ပတ်မည်ဖြစ်ပြီး အသင်းဝင်နှမ်းစိုက်တောင်သူများထံမှ နှမ်းများကို ထုတ်လုပ်မည်ဖြစ်သကဲ့သို့ အသင်းဝင်မဟုတ်သည့် တောင်သူများလာရောက် သန့်စင်ပါကလည်း ဈေးနှုန်းလျှော့ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း PC Myanmar ထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။

The voice

Local News Read 487 times