မြန်မာနိုင်ငံထွက် ရေချိုငါးတွေရဲ့ အကြေးခွံကို ဂျပန်နဲ့ ထိုင်းနိုင်ငံတွေက ဝယ်ယူမှာဖြစ်တဲ့အတွက် လူတိုင်းပို့နိုင်အောင် ငါးလုပ်ငန်းအဖွဲ့ချုပ်က စီစဉ်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က အရင်တုန်းကတည်းက ပို့နေတဲ့သူ တွေရှိတာပေါ့နော်၊ အခုဟာက ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ လူတိုင်းပို့နိုင်အောင်လို့ ပညာပေးရေးတွေ ဘာတွေလုပ်မှာပေါ့နော်။ အခုတော့ ဂျပန်နဲ့ထိုင်းပေါ့၊ ထိုင်းကတော့ နဂိုကတည်းက ဝယ်နေတာလေ၊ အခုတော့ ထိုင်းနဲ့ ချုပ်ထားပြီး စလုပ်နေတယ်၊ အိမ်ရှင်မတွေ လုပ်လို့ရအောင် လုပ်ဖို့ ဆရာကြီးက စီစဉ်နေတာပေါ့နော်လို့ ပြောပါတယ်။
အကြေးခွံပါတဲ့ ရေချိုငါးတွေ ဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးသိုင်းချောင်း၊ ငါးကြင်း၊ တလားဗီးယားနဲ့ တခြားရေချိုငါးတွေရဲ့ အကြေးခွံကို ဝယ်ယူမှာဖြစ်ပါတယ်။ ငါးတွေရဲ့ အကြေးခွံတွေကို ရေသုံးကြိမ်ဆေး နေလှန်းထားပြီး ရောင်းချနိုင်မှာဖြစ်ပါတယ်။ ငါးအကြေးခွံ တစ်ပိဿာကို ကျပ် ၂ဝဝဝ ရမှာဖြစ်ပါတယ်။ လတ်တလောအနေနဲ့ ထိုင်းလုပ်ငန်းရှင်တစ်ဦးကို ငါးအကြေးခွံ ကီလို ၅ဝဝဝ ရောင်းဖို့ ညှိနှိုင်းထားပါတယ်။
တခြားနိုင်ငံတွေမှာ ငါးအကြေးခွံတွေကို လိမ်းဆေးလုပ်တာ၊ ပိုက်ဆံအိတ်လုပ်တာ၊ မိတ်ကပ်လုပ်တာနဲ့ အသားဖြူခရင်တွေ လုပ်တာမှာ သုံးကြတယ်လို့ သိရပါတယ်။
Kumudra news